၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

 မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စိန့်ပီတာ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် နံနက်  ၉ နာရီက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်  အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ကြသည်။

 အစီအစဉ်အရ ကွယ်လွန်ပြီးသော ဆရာကြီး၊ ဆရာမကြီးများအား လက်ရှိဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂါရ၀ပြုကြသည်။

 ထို့နောက် ကျောင်းသားဟောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လူ့လောက၌ လူတစ်လုံး သူတစ်လုံးဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ ပညာသင်ကြားပေးကြသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။

 ဆက်လက်၍ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာဌေးဦးက အာစရိယပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အတွင်းရေးမှူး ဒေါက်တာကိုကိုအေးက အာစရိယပူဇော်ပွဲ ငွေစာရင်းရှင်တမ်းအား ဖတ်ကြားသည်။

 ယင်းနောက် ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီးဦးသန့်ညွှန့်က ဆုံးမဩဝါဒစကား ပြောကြားပြီးနောက် ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက အပိုင်းလိုက် ကန်တော့ကြသည်။

 ထို့နောက် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများက အ.ထ.က (၉) သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။