၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်

 မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ ခရာဇ်နှစ် ၂၀၁၇ ခုနှစ်၊ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ၁၃.၄.၂၀၁၇ ရက် နံနက်(၀၅း၃၀)အချိန်တွင် သံဃာတော်(၁၀၈)ပါးအား ဆွမ်းသပိတ်လောင်းလှူခြင်း၊ သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ယခင်နှစ်များထက် လျှော့ချကာ မန္တလေး(၅)မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ အလယ်တန်းကျောင်းသူ(၃၀၀)ဦးတို့ ပါဝင်ဆင်နွဲကြမည်ဖြစ်ပြီး မန္တလေး မြို့မငွေငန်း အလှပြယာဉ်နှင့်အတူ သင်္ကြန်ချစ်သော မန္တလေးမြို့တော်သူ/သားများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရသိရသည်။

 မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရောင်စုံဓါတ်ပုံပြိုင်ပွံကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ဆုကြေး ငွေများကိုလည်း ကျပ်ငါးသိန်း၊ လေးသိန်း၊ သုံးသိန်းနှင့် ကျပ်တစ်သိန်းခွဲကျပ်စီဖြင့် တိုးမြှင့်ချီးမြင့်သွားမည်ဖြစ်ကာ ဒုန်းကင်မရာ၊ ဖုန်းကင်မရာများဖြင့် ရိုက်ကူးယှဉ်ပြိုင်ခြင်း ခွင့်မပြုပါ။ သင်္ကြန်သံချပ်ပြိုင်ပွဲများ ပါထည့်သွင်းပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ သင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် အကြောင်းအရာ ကိစ္စရပ်များကိုလည်း မန္တလေးနေ့စဉ်သတင်းစာတွင် ထည့်သွင်းကြေငြာ သွားမည်ဖြစ်ကြောင်းလည်း  ယင်းအစည်းအဝေးမှ ထပ်မံသိရ သည်။

 အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သဘင်ပညာရှင်များ၊ သံချပ်အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးမြို့တော်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ စည်းကားစွာဖြင့်ကျင်းပရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

 ၁၃၇၈ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မြို့တော်သင်္ကြန် မဏ္ဍပ်၏လိုဂို၊ မန္တလေးကျူံးပတ်လည်တစ်လျှောက်နှင့် မြို့တွင်းသင်္ကြန်မဏ္ဍပ်များ ချထားပေးနိုင်မည့်နေရာများနှင့် မဏ္ဍပ်တည်ဆောက်ခြင်းအတွက် စည်းကမ်းသတ်မှတ်ချက်များ၊ ရေရှိရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းလျှောက်သင်္ကြန်ဆောင်ရွက်မည့် အစီအမံများ၊ အလှပြယာဉ်နှင့် သံချပ်အဖွဲ့များ၊ မြို့တွင်းမဏ္ဍပ်များ ပေါ်ထွက်လာစေရန် စီစဉ်ဆောင်ရွက်နေမှု၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားအစီအစဉ်၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သင်္ကြန်ဖော်ဆောင်မည့်အစီအစဉ်များ၊ ကောင်းမှုကုသိုလ်ပြုလုပ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။

 ဆက်လက်၍  မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက မဟာသင်္ကြန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုလုပ်ငန်းများ အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေ များကို အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ စည်းကားစွာဖြင့် ကျင်းပရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ခေတ်လူငယ်များအတွက်လည်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် ထည့်သွင်းဆွေးနွေးခဲ့သည်။

 ယခုနှစ်သင်္ကြန်ပွဲတော်အတွက် အစည်းအဝေးတွင် သင်္ကြန်ချစ်သူ မိဘပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် အတာရေသဘင်ပွဲ ဆင်နွှဲနိုင်စေရန်နှင့် နှစ်ဟောင်းမှပင်ပန်းနွမ်းနွယ်မှုကို နှစ်သစ်တွင် အတာရေပက်ဖျန်း၍ ကြိုဆိုနိုင်ရန်အတွက် အများပြည်သူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် အပြုအမှု၊ ခေတ်ရှေ့ပြေးဝတ်စားဆင်ယင်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ ရာဇဝတ်မှုများ မကျူးလွန်မိကြစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးအတွက် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်း စနစ်တကျဆောင်ရွက်သွားရေး၊ ကျုံးပတ်လည်တစ်လျှောက်၊ မန္တလေးကန်တော်ကြီး ပတ်လမ်းတစ်လျှောက်နှင့် မန္တလေး မြို့တွင်းရှိ ရေကစားမဏ္ဍပ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပွဲတော်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မင်္ဂလာနှစ်သစ်ကူးပွဲတော် ဖြစ်သဖြင့် လုံခြုံရေး၊ စည်ကမ်းထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ထည့်သွင်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။