၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်

 မန္တလေးမြို့၊ ကုသိုလ်တော်ရိပ်သာ ပရိယတ္တိစာသင်တိုက်ကြီးနှင့် စဥ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ မဟာမျိုးမဟာနွယ် စကြာရတနာ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇဋိလ၏ သက်တော် ၄၅ နှစ်ပြည့် ဝိဇာတ အထိမ်းအမှတ်အဖြစ် ဧပြီ ၁၀ ရက် နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ မဟာမျိုးမဟာနွယ် စကြာရတနာ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဆင်မင်းဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီး၏ အဓိပတိမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

 ရှေးဦးစွာ အလှူတော်ကြီး (၇)မျိုးတို့အား မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 ဆက်လက်၍ အလှူတော်ကြီး (၇)မျိုး ဆောင်ရွက်ခဲ့မှုမှတ်တမ်း LED Board အား ကုသိုလ်တော်ရိပ်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဖွင့်လှစ်ပေးကြသည်။

 ယင်းနောက် အလှူတော်ကြီး (၇)မျိုး မော်ကွန်းကြေးကမ္ဗည်းတော်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

 ဆက်လက်၍ ရေစက်ချလှူဒါန်းပူဇော်ခြင်း အခမ်းအနား ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး သီတဂူဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 ဆက်လက်၍ အလှူရှင်များက ဆင်မင်းဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့အား အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံသည်။

 ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။

 ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားတော်နှင့် ရေစက်ချတရား နာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။