၂၀၁၇ ခုနှစ် ဧပြီလ ၁၇ ရက်

 မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်မင်္ဂလာ အခါသမယဖြစ်သည့်  ယနေ့နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဇီဝိတဒါန ငါးများလွှတ်ခြင်းနှင့် ငှက်များလွှတ်ခြင်း၊ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးဘိုး၊ဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကိုကျင်းပသည်။
 ရှေးဦးစွာ ဇီဝိတဒါန ငါးလွှတ်ပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့ ကျုံးတောင်ဘက်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဋ္ဌ၊ အစိုးရအဖွဲ့ အဖွဲ့စည်းဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ငါးသားပေါက်ရေတစ်သောင်းခွဲကို ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခြင်း၊ မြို့တော်ခန်းမရှေ့တွင် ငှက်ကောင်ရေ ၄၃၀ ကို လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါနကုသိုလ်ပြုခဲ့ကြသည်။
 ထို့နောက်နံနက်(၈)နာရီအချိန်  မြို့တော်ခန်းမတွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ မန္တလေးခရိုင်အတွင်းမှ အသက် ၉၀နှစ်နှင့်အထက် ဘိုး၊ဘွား ၁၆၂ ဦး တက်ရောက်အပူဇော်ခံကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ဆုတောင်းနှင့် ဂုဏ်ယူဝမ်းမြောက် စကားပြောကြားသည်။
 ဆက်လက်၍ သက်ကြီးဘိုး၊ဘွားများအား အခမ်းအနားတက်ရောက်လာသူများက ကန့်တော့ချိုးဖြင့် လက်အုပ်ချီမိုးကန်တော့၍ ဘိုး၊ဘွားတစ်ဦးချင်းစီအား လှူဒါန်းငွေ ကျပ်ခြောက်သောင်းနှင့် ဂါရဝပြုပစ္စည်းများဖြင့် ပေးအပ်ကန်တော့ကြပြီး ကန်တော့ခံ အဘိုး၊ အဘွားများကိုယ်စား အသက် ၉၃ နှစ်အရွယ် အဘိုးဦးမှတ်၏ ဆုတောင်းမေတ္တာပို့စကားကို နာယူခဲ့ကြသည်။