၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်

 ကြက်ခြေနီအသင်း၊ ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းတို့သည် လူသားချင်း စာနာစိတ်ထား၍ ဆောင်ရွက်ကြရပြီး ဝါသနာပါသူများဖြင့် ဖွဲ့စည်းထားကာ သူတစ်ပါးထက် စွန့်လွတ်၊ ကယ်တင်ချင်စိတ်များရှိရသောကြောင့် တန်ဖိုးမဖြတ်နိုင်သော အလုပ်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်သော အောင်မြေသာစံမြို့နယ်၊ ကြက်ခြေနီအသင်းခွဲ၊ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း (၂/၂၀၁၇) ဆင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များနှင့် တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က ကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် သင်တန်းဖွင့်လှစ်ခြင်းကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြသည်။

 အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို မတ် ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်တာကာလ ပို့ချခဲ့ရာ အောင်မြေသာစံမြို့နယ်ရှိ အခြေခံကျောင်းများမှ အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူ ၈၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။