၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်အတွင်း စာကြည့်တိုက်၊ ပန်းခြံ၊ ကိုယ်ကာယလေ့ကျင့်ရေး အားကစားကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းဖွင့်ပွဲအခမ်းအနားကို  ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီက လမ်း ၈၀နှင့် ၈၁ လမ်းအကြား၊ ၄၁ လမ်းတွင်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးချီမြှင့်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က ရပ်ကွက်အတွင်းရှိ အနာဂါတ်လူငယ်လူရွယ်စာကြည်တိုက်၊ ပန်းခြံ၊ ကိုယ်ကာယ လေ့ကျင့်ရေးအားကစားကွင်းနှင့် ပိုက်ကျော်ခြင်းအားကစားကွင်းများ ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ စေတနာအလှူရှင်များက ကူညီပံ့ပိုးမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

 ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က စေတနာအလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ကြပြီးနောက် ရပ်မိ၊ ရပ်ဖတစ်ဦး ဖြစ်သူ ဦးချစ်လှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများသည် စာကြည့်တိုက်၊ အားကစားကွင်းများ၊ ပန်းခြံများကို လိုက်လံကြည့်ရှု့ခဲ့ကြသည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သက်ဆိုင်ရာလွှတ်တော်အသီးသီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့တို့မှ အဖွဲ့အစည်းဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ရပ်မိရပ်ဖပြည်သူများ တက်ရောက်ကြသည်။