၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်

 ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏၂၀၁၇ ပညာသင်နှစ်အတွက် ပဉ္စမအကြိမ် တက္ကသိုလ်ပညာသင်ဆုချီးမြင့်ခြင်းအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Hotel Marvel၊ Grand Amarapura ခန်းမဆောင်၌ပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုများချီးမြင့်၍့ ဆရာတော်အရှင်ဆန္ဒာဓိက ဦးဆောင်ဖွင့်လှစ်တည်ထောင်သည့် ရွှေပါရမီပညာရေးဖောင်ဒေးရှင်းသို့ စေတနာအလှူရှင် အသီးသီးတို့က ပညာဒါနအလှူငွေများ လှုဒါန်းကြသည်။

 “ကျွန်တော်တို့နိုင်ငံမှာ ပညာရေးဟာ အရေးကြီးပါတယ်၊ နိုင်ငံတိုင်းမှာလည်း ဒီအတိုင်းပါဘဲ၊ တိုင်းပြည်တစ်ပြည် တိုးတက်ကြီးပွားဖို့ရာမှာ ပညာရေးကိုဘဲ ရင်းနှီးမြှုပ်နှံရသလို လူငယ်လူရွယ်လေးတွေကိုဘဲ ရင်းနှီးမြှုပ်နှံရပါတယ်။ ဒါမှသာလျှင် ပညာတတ်လူငယ်လေးတွေ များပြားလာပြီးတော့ ကျွန်တောတို့ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပညာရေးကို ဘာကြောင့်မြှင့်ပေးနေရသလည်းဆိုရင် ၅.၅% သော ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စာမသင်နိုင်ကြပါဘူး၊ ကျွန်တော်တို့နိုင်ငံမှာ လူငယ်လူရွယ်အရေအတွက် ၁၂ သန်းလောက်ရှိနေပါတယ်၊ ၅.၂% ကမူလတန်းအဆင့်မှာတင် ပြီးသွားပါတယ်၊ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ မဖြစ်အောင်လည်း ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်၊ တစ်နည်းပြောရရင် ၁၂ သန်းထဲမှာ တစ်သန်းကျော်လောက်ဟာ အခြားသူများနည်းတူ ပညာရေးကို အပြည့်အဝမခံစားကြရဘူးဆိုတာ ပေါ်လွင်နေပါတယ်၊ တောနဲ့မြို့နဲ့ ပညာရေးကွာဟချက်ဟာလည်းကြီးမားပါတယ်၊ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာလည်း ကျောင်းနေအရွယ်ကလေးတွေကို စာသင်ခန်းထဲမှာရှိဖို့ မူလတန်းပညာရေးကို အခမဲ့ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ မူလတန်း ပညာသင်ကြားရေးပြီးဆုံအောင်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာတော်ဦးစီးပြီး စေတနာအလှူရှင်များ ဖွဲ့စည်းတည်ထောင် ထားတဲ့ ပညာပါရမီဖောင်ဒေးရှင်မှာ ကျောင်းသားတွေကို ပညာဒါန၊ ပညာပါရမီ၊ တစ်နည်းပြောရရင် ထောက်ပံ့ကြေးတွေ ပံ့ပိုးပေးနေတာဟာ ကျွန်တော်တို့နိုင်ငံအတွက် အနာဂတ်သားကောင်းရတနာတွေ မွေးထုတ်ပေးနေတယ်လို့ပြောရမှာပါ၊ ပညာရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်၊ ဒီလိုအရေးကြီးတဲ့ပညာရေးကို အကောင်အထည်ဖော်ရာမှာ အစိုးရကြီးဘဲမဖြစ်နိုင်ပါဘူး၊ ဘတ်ဂျက်အကန့်အသတ်တွေကြောင့် တစ်ချို့နေရာတွေမှာ အားနည်းချက်တွေရှိနေပါတယ်၊ ဒီလိုအားနည်းချက်နေရာတွေကို ဝင်လာတဲ့သူတွေဟာလည်း စေတနာသန့်သန့်နဲ့လုပ်ပေးတဲ့ အဖွဲ့အစည်းမျိုးတွေ အများကြီးလိုအပ်နေပါတယ်၊ တစ်ချို့က ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည်ဖြင့် ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုဘဲဖြစ်နေဖြစ်နေ စေတနာသန့်သန့်နဲ့ လှူဒါန်းတဲ့သူတွေရှိပါတယ်၊ ဒီလိုစေတနာအလှူရှင်တွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ပါတယ်”ဟု ယင်းအခမ်းအနား၌ မုဒိတာစကားနှင့် ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 ဆက်လက်၍ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးအေးကိုကို(မကွေးမြို့)မှ ဖောင်ဒေးရှင်းတည်ထောင်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူတို့က တက္ကသိုလ်(၉)ခုမှ ကျောင်းသား/ကျောင်းသူတို့အား ရွှေပါရမီတက္ကသိုလ် ပညာသင်ဆုများကိုလည်းကောင်း၊ ပညာသင်ဆုရ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးကလည်းကောင်း၊ စေတနာအလှူရှင်တို့က သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ပညာဒါနအလှူငွေများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြသည်။

 ထို့နောက် ရွှေပါရမီဖောင်ဒေးရှင်း၏ ဦးဆောင်ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား ဟောကြားချီးမြင့်ခဲ့သည်။

 ပညာထူးချွန်ပါလျက် တက္ကသိုလ်ပညာဆက်လက်ဆည်းပူးရန် အခက်အခဲဖြစ်နေကြသူများအား တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ဦးဆောင်မှုဖြင့် ရွှေပါရမီဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင် တည်ထောင်ခဲ့ပြီး ယင်းနှစ်တွင် ကျောင်းသား/ကျောင်းသူဦးရေ (၂၀၇)ဦးထိ ရွေးချယ်ချီးမြင့်ခဲ့ပြီး နှစ်စဉ်လည်းတစ်နှစ်လျှင် ကျောင်းသား/ကျောင်းသူဦးရေ (၁၀၀)မှ(၂၀၀)အတွင်း အသစ်အသစ် ထပ်မံရွေးချယ်ချီးမြင့်လျက်ရှိသည်။