၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်၏ အသက်(၇၂)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက် မြဝတီမင်းကြီးကျောင်းတိုက် ဘုံပျံတောရရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ယုယုမေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ စုပေါင်း၍ ကျောင်းဝတ်စုံ(၇၂)စုံ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါဂေဟာသို့ သွားရောက်လှူဒါန်းခဲ့သည်။

 ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက သုခရိပ်မြုံဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိကလေးငယ်များ၊ အဆိုပါဂေဟာရှိ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။

 ဆက်လက်ပြီး ကလေးများအတွက် ကျောင်းဝတ်စုံ(၇၂)စုံကို ဝန်ကြီးချုပ်၏ဇနီးက ပေးအပ်လှူဒါန်းရာ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာဥက္ကဌ ဒေါ်မိမိ၊ ဒုတိယဥက္ကဌများဖြစ်သည့် ဦးစန်းယုနှင့် ဒေါ်သင်းနွဲ့နွဲ့ဖေတို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် HIV Positive ဗိုင်းရပ်ကူးစက်ခံ မိဘမဲ့ကလေးငယ်တို့အား စောင့်ရှောက်မှုပေးလျက်ရှိပြီး အဆိုပါဂေဟာသို့ တစ်ရက်တာ အာဟာရဒါနအတွက် အလှူငွေကျပ် တစ်သိန်းခွဲဖြင့် ကုသိုလ်ယူလှူဒါန်းနိုင်သည်။