၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

 အဝေးဖိတ်နှင့် အနီးဖိတ်နေ့များတွင် မန္တလေး လေးပြင်လေးရပ်နှင့် ပတ်ဝန်းကျင်ဒေသများမှ ဆွမ်းခံကြွသည့် သီလရှင်များအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာယုယုမေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများသည် နေ့ဆွမ်းဆက်ကပ် ခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀နာရီက မန္တလေးမြို့၊ မဟာသကျသီဟမြတ်စွာဘုရား ပရိဝုဏ်ရှိ မဟာဗောဓိ ဝေယျာဝစ္စအသင်းတွင် ဆောင်ရွက်သည်။

 ရှေးဦးစွာ မန္တလေးမြို့တွင်းနှင့်ပတ်ဝန်းကျင်ဒေသများမှ ဆွမ်းခံကြွ သီလရှင်များအား ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာယုယုမေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးတို့က တစ်ပါးချင်းစီ ဆွမ်းလောင်းလှူကြသည်။

 ထို့နောက် ဝေယျာဝစ္စကုသိုလ်ပြုပေးနေသော မဟာဗောဓိအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်ကြသည်။

 ဆက်လက်၍ မဟာသကျသီဟမြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကြကာ ဘုရားဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဝန်ကြီးချုပ်၏ဇနီးနှင့်အဖွဲ့က အလှူငွေကျပ် တစ်သိန်းကိုလှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 မဟာဗောဓိဝေယျာဝစ္စအဖွဲ့သည် မဟာသကျသီဟဘုရား ပရိဝုဏ်အတွင်း တည်ရှိပြီး သီလရှင်များအား အပတ်စဉ် အဝေးဖိတ်နှင့် အနီးဖိတ်များ တွင် ဆွမ်းနှင့်ဆွမ်းဟင်းများ ကုသိုလ်ပြုလျက်ရှိရာ အလှူရှင်များကလည်း တတ်အားသရွေ့ လာရောက်လှူဒါန်းလျက်ရှိကြသည်။

 အဆိုပါ နေရာသို့ တစ်ရက်လျှင် ဝါတွင်းကာလ၌ သီလရှင်အပါး ၁၀၀၀ခန့် ကြွရောက် ဆွမ်းဘုဉ်းပေးကြပြီး ဝါပ ကာလများတွင် အပါး ၆၀၀နှင့် အပါး ၁၀၀၀အကြား ကြွရောက်ဆွမ်းဘုဉ်းပေးကြကြောင်း သိရသည်။