၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်

 “မူးယစ်ဆေးဝါးအန္တရာယ်က ကမ္ဘာ့လူသားအားလုံးရဲ့ လူညွန့်တုံးစေမယ့် အန္တရာယ်ဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် အစိုးရများက အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ နိုင်ငံတော်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေမှာ ထည့်သွင်းရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေး တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အနေနဲ့ မူးယစ်ဗဟိုရဲ့ လုပ်ငန်းလမ်းညွှန် ချက်များနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှုများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်းမှာ ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၄၃၆ မှု၊ မော်တော်ယာဉ် ၄၅ စီး၊ မော်တော်ဆိုင်ကယ် ၁၃၁ စီး၊ မူးယစ်ဆေးဝါးရောင်းချရငွေ ၁၉၅ သိန်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄၂၀၆ သိန်း၊ စုစုပေါင်း တရားခံ ၆၄၄ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ပညာပေးဟောပြောမှုအနေနဲ့ ပြည်သူလူထု ကျောင်းသား၊ ကျောင်းသူ ၅၀၀၃၇ ဦးတို့ကို (၁၉၉)ကြိမ် ဟောပြောနိုင် ခဲ့ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ကျင်းပသည့် အရက်၊ မူးယစ်ဆေးပညာပေးရက်သတ္တပတ် လှုပ်ရှားမှုပိတ်ပွဲအခမ်းအနားတွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားရာတွင် “၂၀၁၇ ခုနှစ်အတွင်း ကြီးမားတဲ့ဖမ်းဆီးရရှိမှုအနေနဲ့ ဇူလိုင် ၅ ရက်က ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒီဖမ်းဆီးမှုမှာ နောင်ချိုမြို့က ၍ ICE ၁၀ ကီလို ၇၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တရားခံပိုင်ဆိုင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ဂိုဒေါင်ထဲက ကားများအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၄၀၀၀၀ ပြား၊ ICE ၁၀ ကီလို၊ ရွှေ နှစ်ပိဿာ ၁၆ ကျပ်သား၊ မော်တော်ယာဉ် ငါးစီး၊ ငွေကျပ် သိန်း ၃၆၀ တို့ ဖမ်းဆီးရမိခဲ့တဲ့အတွက် မူးယစ်ရဲတပ်ဖွဲ့ရဲ့ ကြီးမားတဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။”

 “လူငယ်တွေအကြားမှာလည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းရဲ့ နောက်ကွယ်က အခြေခံအကြောင်းအခြင်းရာတွေ အမျိုးမျိုးရှိတဲ့အတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ ဆေးစွဲရခြင်းရဲ့အကြောင်းအရင်းတွေကို အခြေခံထားပြီး လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်ရေး အခွင့်အလမ်းများကိုလည်း ပေးထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်လူရွယ်တွေရဲ့ စူးစမ်းရှာဖွေစမ်းသပ်လိုစိတ်ကို ကောင်းမွန်တဲ့နေရာ တွေမှာ အသုံးချတတ်စေဖို့အတွက် အားကစားနဲ့ ယဉ်ကျေးမှုဓလေ့ဆိုင်ရာလုပ်ငန်းများကိုလည်း အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်း တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ပူးပေါင်းမြှင့်တင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ အသိပညာပေး ရက်သတ္တပတ် အစီ အစဉ်က မန္တလေးခရိုင်အတွင်း တက္ကသိုလ်များ၊ အခြေခံပညာအထက်တန်းကျောင်းများနဲ့ ရပ်ကွက်၊ ကျေးရွာများတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။ လှုပ်ရှားမှုကို အောင်မြင်အောင် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးကြတဲ့ မူးယစ်ဗဟိုအဖွဲ့၊ ဌာနဆိုင်ရာများ၊ UNICEF၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့အစည်းများဖြစ်ကြတဲ့ Teen and Dream၊ AHEAD၊ မန္တလေးတက္ကသိုလ်လူငယ်များအဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များ အဖွဲ့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်”ဟု ပြောကြားသည်။

 ထို့နောက် မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်မြင့်အောင်က ဂုဏ်ပြု အမှာစကားပြောကြားပြီး UNICEF မှ ဒေါက်တာယုယုအောင်က ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းပြော ကြားကာ အမှတ်(၃၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမော်မော်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပါဝင်ဆောင်ရွက်ခဲ့သည့် လူငယ်များအဖွဲ့မှ AHEAD အဖွဲ့ခေါင်းဆောင်၊ Teen and Dream အဖွဲ့ခေါင်းဆောင်၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ခေါင်းဆောင်၊ မန္တလေးတက္ကသိုလ်လူငယ်များ အဖွဲ့ခေါင်းဆောင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါအခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဒေါက်တာရဲလွင်၊ ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ UNODC & UNICEF မှ ကိုယ်စာလှယ်များ၊ Teen and Dream အဖွဲ့၊ AHEAD အဖွဲ့၊ မန္တလေး တက္ကသိုလ်လူငယ်များအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။