၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၆  ရက်

 နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တော်ခန်းမတွင် သံဃာတော်များအား ဆွမ်းကပ်လှူပြီး လွမ်းသူ့ပန်းခွေချ အခမ်းအနားကို လူထုလူတန်းစားပေါင်းစုံပါဝင်လျက် စည်းလုံးညီညွတ်စွာ ကျင်းပရန် စီစဉ်ထားပါသည်။

 (၁၉.၇.၂၀၁၇)ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ မည်သူမဆို အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ပြီး ပန်းခွေချအလေးပြုခြင်း၊ အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြခန်းများကို လာရောက် လေ့လာကြည့်ရှုခြင်းပြုလုပ်နိုင်ပါသည်။

 စည်းလုံးညီညွတ်မှုကိုဖော်ပြသည့်အနေဖြင့် အာဇာနည်နေ့အခမ်းအနားကို မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင်သာ စုပေါင်းကျင်းပမည် ဖြစ်ပြီး ယင်းနေရာမှအပ အခြားနေရာများတွင် သီးခြားခွဲ၍ ကျင်းပခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံပါသည်။

 အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသည့် နံနက် (၁၀ နာရီ ၃၇ မိနစ်)တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ကဥသြဆွဲ အချက်ပေးမည်ဖြစ်ပြီး ဆိုင်ကယ်နှင့်မော်တော်ယာဉ်များ ခေတ္တရပ်တန့်၍ အလေးပြုခြင်း၊ ယာဉ်များက ဟွန်းတီခြင်း၊ မီးသတ်ဥသြဆွဲ ခြင်း၊ စက်ရုံများက ဥသြဆွဲပြီး အလေးပြုခြင်း၊ ပြည်သူလူထုက တစ်မိနစ်ငြိမ်သက်စွာရပ်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များကို ဂါရဝပြုမေတ္တာပို့သ အလေးပြုကြခြင်း၊ နိုင်ငံတော်အလံကို တိုင်တစ်ဝက်သို့ လျှော့ချလွှင့်ထူ အလေးပြုခြင်းများကို ဆောင်ရွက်ကြမည်ဖြစ် ပါသည်။

 လူစည်ကားရာနေရာများတွင် မသမာသူများ၏ အဖျက်အမှောင့်လုပ်ငန်းများ မပြုလုပ်နိုင်ရေးအတွက် လုံခြုံရေးကို အထူးအလေးပေးဆောင်ရွက် ထားပါသည်။