၂၀၁၇ခုနှစ် သြဂုတ်လ ၁၁ ရက်

 ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (မန္တလေးရုံးခွဲ)မှ ကြီးမှူးကျင်းပသော တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက မန္တလေးတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးချီးမြှင့်သည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ အဆင့်မြင့်ပညာဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းနှင့် တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မိတ္ထီလာ တက္ကသိုလ်အသင်းနှင့် မုံရွာတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးရာ မုံရွာတက္ကသိုလ် အသင်းက အနိုင်ရရှိသည်။ ထို့နောက် ဆုပေးပွဲကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန ဝန်ကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန (မန္တလေးရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက နှစ်ယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော အသင်းများ၊ အကောင်းဆုံးအားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် နှစ်ယောက်တွဲပြိုင်ပွဲပထမဆု ရရှိသော အသင်းတို့အား တံခွန်စိုက်ဒိုင်းဆု အသီးသီး ချီးမြှင့်ကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိ သော မုံရွာတက္ကသိုလ်အသင်းအား တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ခဲ့ပါသည်။