၂၀၁၇ခုနှစ် စက်တင်ဘာ ၁၂ ရက်

 လူငယ်များအနေဖြင့် မိမိဘ၀ကို အဆင့်မြင့်မြင့်နေလိုပါက အဆင်မြင့်သော လုပ်ငန်းများကိုဝင်ရောက်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မိမိဘ၀ရှေ့ရေးနှင့်အတူ မိမိတိုင်းပြည်အရေးသည်လည်း ကပ်လျက်ပါရှိနေရန် သတိပြုစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီက ပြုလုပ်သော Job Fair အခမ်းအနားတွင် ပြောကြားခဲ့သည်။

 အဆိုပါ အခမ်းအနားအား မန္တလေးတက္ကသိုလ်နှင့် UNITED PACIFIC CO.,LTD , ADVANCED MYANMAR STAR CO.,LTD. တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းများကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

 "ကိုယ့်ဘ၀တစ်ခုလုံး အဆင့်မြင့်မြင့် နေချင်တယ်ဆိုရင် အဆင့်မြင့်မြင့်လုပ်ငန်းတွေ ၀င်ဖို့အတွက် ပြင်ဆင်ရပါတယ်၊ အရည်အသွေးကို တောက်ပြောင်တိုးတက်မယ့်စာတွေ အမြဲဖတ်နေရမယ်၊ တက္ကသိုလ်ကဘွဲ့ရပြီးသွားတိုင်းလဲ ပညာရေးနယ်ပယ်ကုန်ပြီ၊ သင်ကြားမှုပြီးဆုံးပြီလို့ ထင်ရင် မှားပါလိမ့်မယ်၊ IQ, EQ, SQ, PQ တွေပြည့်စုံရင် အလုပ်အကိုင် ရှာစရာတောင်မလိုပါဘူး လှမ်းခေါ်နေပါလိမ့်မယ်။ ဒီလို Job Fair တွေက အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ၊ ဒီအခွင့်အရေးတစ်ခုကို လက်ဆုပ်လက်ကိုင် ဖမ်းကိုင်စေချင်တယ်၊ ကိုယ့်ဘ၀ရှေ့ရေးအတွက် အခု ကတည်းက စဉ်းစားစေချင်တယ်၊ ကိုယ့်ဘ၀ရှေ့ရေးနဲ့အတူ ကိုယ့်တိုင်းပြည်အရေးလည်းကပ်ပါနေဖို့ဆိုတာ သတိပြုမိစေချင်တယ်"ဟု ၀န်ကြီးချုပ် က ပြောသည်။

 အဆိုပါ Job Fair သည် မန္တလေးတက္ကသိုလ်တွင် ပထမဆုံးပြုလုပ်သည့်ပွဲဖြစ်ပြီး ကုမ္မဏီ ၂၅ ခုက မိမိတို့ အလုပ်အကိုင်များနှင့်သက်ဆိုင်သည့် အခွင့်အလမ်းဆိုင်ရာများ အရည်အချင်းသပ်မှတ်မှုဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက်အသိပေးရှင်းလင်းခဲ့ကြသည်။

 "ဒီလိုပွဲမျိုးစီစဉ်ပေးတာ အလွန်ကောင်းပါတယ်၊ ကုမဏီတွေကနေ သူတို့လိုချင်တဲ့ ၀န်ထမ်းရဲ့ အရည်အသွေးတွေကို ကျောင်းသူ ကျောင်းသား တွေကို လာရှင်းပြတာ၊ တစ်နည်းအားဖြင့် အလုပ်လျှောက်ချင်တဲ့သူတွေကို လာရှင်းပြတာ၊ လူငယ်တွေဘွဲ့ရခါနီးပြီ အလုပ်အကိုင်ထဲ ၀င်ရတော့မှာဖြစ်တဲ့အတွက် ဘာပြင်ဆင်ထားသင့်သလဲ၊ ရှာဖွေထားတဲ့အလုပ်အကိုင်က ဘာအရည်အသွေးတွေလိုအပ်လဲဆိုတာ ကုမ္ပဏီတွေက ပြောတာတွေလည်းသိဖို့လိုအပ်ပါတယ်၊ တစ်ချို့က အစိုးရ၀န်ထမ်းလုပ်ချင်ပါတယ်၊ ဒီမိုကရေစီခေတ်မှာ ပုဂ္ဂလိက၀န်ထမ်းတွေလဲ ဂုဏ်ရှိတာပဲ၊ ဘ၀အာမခံချက်ရှိအောင် လုပ်ငန်းတွေရှာဖွေတဲ့အခါမှာ လိုအပ်တဲ့ အရည်အသွေးတော့ ကိုယ့်ဖက်က ဖြည့်စီးဖို့တာဝန်ရှိတယ်"ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 အခမ်းအနားတွင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက Job fair ပြုလုပ်ရခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး UNITED PACIFIC CO.,LTD မှ Sales & Marketing director, ADVANCED MYANMAR STAR CO.,LTD. Managing Director ဒေါ်အေးမိစံက လူငယ်အတွေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများကိုပြောကြားခဲ့သည်။

 ထို့နောက် အလှူရှင်များ၊ ကုမ္မဏီများက မန္တလေးတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်မ်းလွှာပြန်လည်ပေးအပ်ခဲ့ကြသည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ဇနီး ဒေါက်တာယုယုမေ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယလွှတ်တော် ဥက္ကဋ္ဌဒေါက်တာခင်မောင်ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ပါမောက္ခနှင့်ဆရာ၊ ဆရာမများ၊ ကုမ္မဏီအသီးသီးမှတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။