၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်

  မန္တလေး ကလေးကျောက်ကပ်ဖောင်ဒေးရှင်းထူထောင်ရန် မတည်ငွေကျပ် သိန်း ၅၀၀၀ နှင့် ကုန်ကျငွေ ကျပ်သိန်း ၈၀၀ တန်ဘိုးရှိ ၂၄ နာရီထိ ကျောက်ကပ်ဆေးနိုင်သည့် ခေတ်မှီကျောက်ကပ်ဆေးစက်တစ်လုံးကို အလှူရှင် ဦးချစ်ခိုင်မှ မတည်လှူဒါန်းပြီး စေတနာအလှူရှင်  ၄၈ ဦးတို့ကလည်း ယင်းဖောင်ဒေးရှင်းသို့ အလှူငွေ စုစုပေါင်းငွေကျပ် ၁၉၈၃၅၉၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း ကုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ(မန္တလေး) ဆီးနှင့် ကျောက်ကပ်ဆေးကုဌာနမှ သိရသည်။

 နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်ဂေါက်ကွင်းခန်းမတွင် ပြုလုပ်သည့် မန္တလေး ကလေးကျောက်ကပ်ဖောင်ဒေးရှင်းထူထောင်ရန် မတည်အလှူငွေနှင့် ကျောက်ကပ်ဆေးစက်၊ အလှူငွေများပေးအပ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ မုဒိတာစကားပြောကြားပြီး အလှူငွေများလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။

 “ကျွန်တော် ကျောက်ကပ်ဝေဒနာရှင်ကလေးတွေကို တွေ့လိုက်ရတော့ ကျွန်တော်ခံစားမိပါတယ်၊ ဒါဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံမှာ လိုအပ်နေတဲ့သူတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သတင်းစကားပါးချင်ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ တောနဲ့မြို့ ကျန်းမာရေး ကွာခြားချက် တွေရှိနေတယ်၊ အလားတူ ဆင်းရဲ၊ ချမ်းသာကွာခြားမှု၊ နည်းပညာကွာဟမှုတွေရှိပါတယ်၊ ဒီလိုကွာဟမှုတွေကျဉ်းမြောင်းသွားအောင် အစိုးရတစ်ခုထဲနဲ့ စီမံခန့်ခွဲမှုတွေ၊ ဆောင်ရွက်မှုတွေလုပ်လို့မရပါဘူး၊ စေတနာရှင်တွေလည်းလိုအပ်တယ်၊ တတ်နိုင်သလောက် လိုအပ်နေတဲ့သူတွေကို မျှဝေပေးစေ ချင်ပါတယ်၊ ဒီလိုဖောင်ဒေးရှင်းထူထောင်ဖို့အတွက် အသိစိတ်လေးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တဲ့ ကလေးဆေးရုံက ဆရာဝန်ကြီးတွေ၊ စေတနာ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျောက်ကပ်ဝေဒနာရှင်တွေကို တွေ့လိုက်ရလို့လည်း ရင်ထဲမှာစူးစူးရှရှနဲ့ ခံစားရပါတယ်။ ဒါကြောင့်မို့ ဒီဖောင်ဒေးရှင်းလေးဖြစ်အောင် ကျွန်တော်တတ်နိုင်သလောက်ကြိုးစားမယ်ဆိုပြီး မတည်လှူဒါန်းနိုင်မယ့် အလှူရှင်ဆီကို အကူအညီတောင်းပါတယ်၊ တစ်ခါထဲဘဲ အလှူရှင်က လိုလိုလားလားနဲ့ကူညီပေးတယ်၊ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အနာဂါတ်လူငယ်လူရွယ်လေးတွေကလည်း ရှင်သန်ချင်မှာဘဲ ဗျ၊ ရှင်သန်နိုင်အောင်လည်း နိုင်ငံတော်က ဆက်လက်ထိမ်းသိန်းပြီး ရှင်သန်နိုင်အောင်ပြုစုပျိုးထောင်ပေးတဲ့ ဆရာဝန်တွေကို ဒီနေရာမှာတွေ့ရတယ်၊ သူတို့ကို ဘာနဲ့နှိုင်းယှဉ်ချင်သလဲဆိုတော့ နှလုံးလှဆရာဝန်လို့တင်စားချင်ပါတယ်၊ လောကကြီးမှာ အသပြာဆရာဝန်တွေရှိသလို စေတနာဆရာဝန် တွေလည်းရှိတယ်ဆိုတာ  ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ပရိသတ်ကြီးလည်း သိစေချင်ပါတယ်”ဟု ဝန်ကြီးချုပ်က မုဒိတာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်ဆေးခြင်းဖြင့် အသက်ရှင်ခြင်းထက် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်းဖြင့် ပုံမှန်အသက်ရှင် နေထိုင်မှုရရှိစေရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခေတ်မှီကျောက်ကပ်ဆေးစက်ကိုလည်း ကလေးဆေးရုံရှိ ကျောက်ကပ်ဝေဒနာရှင် လူနာများအတွက် အသုံးပြု ကုသဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 “ယနေ့အခမ်းအနားဟာ စေတနာအလှတွေကိုတွေ့ရတဲ့ပွဲပါ၊ သင်္ဂဟဖောင်ဒေးရှင်းက ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ဝိုင်းဝန်းလှူဒါန်း ပေးကြတာ၊ ဝိုင်းဝန်းထောက်ပံ့ပေးတာတွေဟာ မျှဝေးတာလို့ ကျွန်တော်ယူဆပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ဆောင်ရွက်စရာတွေ၊ လုပ်ဆောင် ပေးစရာတွေ အများကြီးကျန်ပါသေးတယ်၊ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ အပြောင်းအလဲတွေ အများကြီးလုပ်နေပါတယ်၊ မပြောင်းလဲသေးဘူးလို့ ပြောနေကြတဲ့သူတွေလည်းအများကြီးပါ၊ ကျွန်တော်ကျန်းမာရေးရှုထောင့်ကနေဘဲ တင်ပြပေးပါမယ်၊ အပူချိန် ၁၀၄ံ၊ ၁၀၅ံ ဖာရင်ဟိုက် အဖျားကြီးနေ တဲ့ လူနာတစ်ယောက်ကို အဖျားအပူချိန် ၁၀ဝံ ဖာရင်ဟိုက် လောက်ကျသွားတာကို ကျွန်တော်တို့ဆေးပညာအရ အဖျားကျသွားပြီ၊ ဒါကောင်းတဲ့ လက္ခဏာဘဲ၊ ၉၈.၄ မရောက်လို့ အားမလိုအားမရဖြစ်နေတယ်ဆိုရင်တော့၊ အဲဒီကိုရောက်ဖို့၊ နာတာရှည်ရောဂါဖြစ်နေတဲ့ လူနာကိုတော့ ကုစားဖို့ အချိန်ယူပြီး တဖြည်းဖြည်းနဲ့ကြိုးစားဆောင်ရွက်သွားရမှာပါ၊ လူနာဖြစ်ပြီးတဲ့သူတွေသိကြမှာပါ၊ အစိုးရသက်တမ်း တစ်နှစ်နဲ့ခြောက်လကျော် ရှိနေသေး တဲ့အချိန်မှာ ကျွန်တော်တို့အစိုးရ ရိုးသားစွာကြိုးစားနေပါတယ်၊ ပုံမှန်ရောက်ရှိဖို့   ကျွန်တော်တို့ဝိုင်းဝန်းပြီးကြိုးစားရဦးမှာပါ၊ ကျွန်တော်ပြောချင်တာက ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်တော်တို့ မျှော်မှန်းတဲ့ရည်မှန်းချက်ပန်းတိုင်ကို မရနိုင်ပါဘူး၊ ရည်မှန်းချက်ရအောင် အားလုံးဝိုင်းဝန်းကြိုးစားကြရမှာပါ၊ အားလုံးမှာတာဝန်ကိုယ်စီရှိကြပါတယ်၊ ဒီနေ့အခမ်းအနားကိုတက်ရောက်လာကြတဲ့ ဧဒင်မိသားစု၊ သင်္ဂဟဖောင်ဒေးရှင်းက တာဝန်ရှိသူများအားလုံး၊ စေတနာအလှူရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့မိမြို့ဖများနဲ့ ကျောက်ကပ်ဝေဒနာရှင် ကလေးများကိုယ်စား အထူးပင် လှိုက်လဲစွာကျေးဇူးတင်ပါတယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။

 ဆက်လက်၍ သင်္ဂဟဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က မန္တလေးကျောက်ကပ်ဖောင်ဒေးရှင်းထူထောင်ရန် မတည်အလှူငွေနှင့် ကျောက်ကပ် ဆေးစက်လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး မန္တလေး ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံ၊ ကလေးကျန်းမာရေးဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာအေးအေးမြင့်က ကျောက်ကပ်ဝေဒနာရှင်များအား ကုသဆောင်ရွက်နေမှုနှင့် ကျောက်ကပ် ဝေဒနာရှင် လူနာအခြေအနေများကို ရှင်းလင်းပြောကြာပြီးနောက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ဖောင်ဒေးရှင်း မတည်အလှူရှင် ဦးချစ်ခိုင်က မန္တလေး ကလေးကျောက်ကပ်ထူထောင်ရန် မတည်ငွေ ကျပ်သိန်း(၅၀၀၀)နှင့် ငွေကျပ်သိန်း(၈၀၀)တန်ဘိုးရှိ ၂၄ နာရီ ထိ ကျောက်ကပ်ဆေးနိုင်သည့် ခေတ်မှီကျောက်ကပ်ဆေးစက်တစ်လုံးကို ပေးအပ် လှူဒါန်းပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပြန်လည်ရယူသည်။ ၎င်းနောက် ယင်းဖောင်ဒေးရှင်းအတွက် စေတနာရှင်အလှူရှင် ၄၈ ဦးတို့မှ လှူဒါန်းကြ သည့် အလှူငွေများကို  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပြန်လည်ပေးအပ်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက်ရောက်လာကြသော ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ စေတနာအလှူရှင်များသည် ပရိုဂျက်တာဖြင့်ပြသသော ကျောက်ကပ်ဝေဒနာရှင်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောက်ကပ် ဝေဒနာရှင်များ၏ Documentoryကို ကြည့်ရှုခဲ့ကြသည်။