၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၄  ရက်

 ပြင်ဦးလွင်မြို့နယ်ရှိ မိုးကြိုးရွာ အခြေခံပညာအထက်တန်းကျောင်းသို မန္တလေးမြို့ ညိမ်းဆေးရုံနှင့် မြို့တော်ဆေးရုံပိုင်ရှင် မိသားစုက လှူဒါန်းသော ရွှေရတုခန်းမဆောင်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၄  ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ မုဒိတာစကားပြောကြားခဲ့သည်။

 အဆိုပါကျောင်းသည် ကျောင်းသား၊ ကျောင်းသူ ၁၃၃၃ ဦး တက်ရောက်ပညာသင်ယူလျက်ရှိပြီး ဆရာ၊ ဆရာမနှင့် ၀န်ထမ်းအင်အား ၅၀ ကျော်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ကာ စာသင်ဆောင်ကိုးဆောင် ရှိသော်လည်း ခန်းမဆောင် လိုအပ်လျက်ရှိသဖြင့် အလှူရှင်မိသားစုက တည်ဆောက်လှူဒါန်း ပေးခြင်းဖြစ်သည်။

 ခန်းမဆောင်အား တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေအေး၊ အလှူရှင် ဦးမောင်မောင်+ ဒေါ်ခင်စန်းရီနှင့် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းကြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကဗျည်းမော်ကွန်းအား နံ့သာရည် များ ပက်ဖျန်းပေးကြသည်။

 "အစိုးရက သူ့ဘတ်ဂျက်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေကို ဝေငှနေရတဲ့အချိန်မှာ တစ်ချို့ကျောင်းတွေမှာ မဖြည့်နိုင် ခဲ့တာတွေရှိပါတယ်၊ ဒါတွေကို စေတနာရှင်တွေက ၀င်လုပ်ပေးကြတယ်၊ ကျောင်းအဆောက်အအုံတွေ ဆောက်ပေးတယ်၊ ခန်းမတွေဆောက်ပေးတယ်၊ ကစားကွင်းတွေ ဆောက်ပေးတယ်၊ ဒါကဘာကိုပြသလဲဆိုရင် အစိုးရရယ် ပြည်သူရယ်က ပညာရေးကို စိတ်ဝင်တစားနဲ့ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျောင်းတစ်ကျောင်းဖွံ့ဖြိုးဖို့ ကျောင်းဆရာ၊ မိဘအပြင် စေတနာရှင်တွေလိုပါတယ်၊ အစိုးရအနေနဲ့ ဒီလို အလှူရှင်တွေကို ကြိုဆိုပါတယ်၊ အစိုးရကိုယ်စားလည်း ကျေးဇူးတင်ပါတယ်" ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 ရွှေရတုခန်းမဆောင်သည် ညိမ်းဆေးရုံနှင့် မြို့တော်ဆေးရုံပိုင်ရှင် ဦးမောင်မောင်+ ဒေါ်ခင်စန်းရီတို့၏ မင်္ဂလာနှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ပြီး အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ အမြင့် ၁၂ ပေရှိ အုတ်ညှပ်တစ်ထပ် ခန်းမဆောင်ဖြစ်ကာ မျက်နှာကျက်၊ လျှပ်စစ်ပန်ကာနှင့် မီးချောင်း များ၊ မီးကြိုးသွယ်တန်းမှုများအပါအ၀င် စုစုပေါင်းငွေကျပ် သိန်း ၄၀၀ ကျော် တန်ဘိုးဖြစ်သည်။

  “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့ အရေးအကြီးဆုံးက ပညာရေးပါ၊ တည်ဆောက်ရေးရှုထောင့်က ကြည့်မယ်ဆိုရင် အခြေခံအုတ်မြစ်မကောင်းဘဲ အပေါ်ထပ် အဆောက်အအုံမခိုင်မာပါဘူး၊ တိုင်းပြည်ရဲ့ အနာဂတ် သားကောင်းရတနာတွေ မွေးထုတ်ပေးဖို့ အခြေခံပညာက စရပါတယ်၊ လူသား တစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ ကိုယ်ကျင့်တရား၊ ဥာဏ်ရည်ဥာဏ်သွေး၊ လူမှုဆက်ဆံရေးစတဲ့ အရာအားလုံးဟာ အခြေခံပညာက စကြတာပါ၊ ဆရာ၊ ဆရာမတွေ ကလည်း ကိုယ့်ရဲ့ အရည်အသွေးကို အမြဲတမ်းမြှင့်တင်ပေးနေရမယ်၊ မိဘတွေကလည်း ၀ိုင်းအားပေးမှ ဖြစ်မှာပါ၊ ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် တက်ညီလက်ညီလုပ်မှ ဖွံ့ဖြိုးမယ်၊ စာသင်ခန်းမတွေ သင်ထောက်ကူပစ္စည်းတွေ မပြည့်စုံဘူးဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ပါဘူး၊ ကျောင်းအုပ်ကြီး နဲ့ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ပူးပေါင်းပြီး ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဒီထက်ပိုအောင်မြင်အောင် လုပ်ကြပါ၊ ပညာတတ်တွေ အများကြီး မွေးထုတ်နိုင်အောင်လည်း ကြိုးစားပါ၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းရင်းသားတွေကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးမယ့် ကျောင်းသားတွေကို မွေးထုတ်ပေးပါ၊ ဒီနည်းအားဖြင့် ကျွန်တော်တို့မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်မှာပါ” ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

 အခမ်းအနားတွင် ၀န်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်း၊ အလှူရှင်မိသားစုက လှူဒါန်းရခြင်းနှင့် ၀မ်းမြောက်စကားပြောကြားခြင်း၊ ခန်းမဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေး ဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ် များအတိုင်း ပြုလုပ်ခဲ့ကြသည်။

 အခမ်းအနားအပြီးတွင် ၀န်ကြီးချုပ်နှင့် အဖွဲ့သည် စာသင်ဆောင်များတွင် ပညာသင်ယူနေကြသော ကလေးငယ်များအား ကြည့်ရှုအားပေး၍ အာဟာရမုန့် များ ဝေငှခဲ့သည်။

 အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ဇနီး ဒေါက်တာ ယုယုမေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ၊ အလှူရှင်မိသားစုများနှင့် ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။