၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်

 စိန့်ဂျိုးဇက်ကွန်ဗင့်နှင့် အမှတ်(၈)အ.ထ.က ကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးရေးရာကော်မတီနာယက ကျောင်းသူဟောင်း ဒေါက်တာယုယုမေ၊ ကျောင်းသူဟောင်း မြို့တော်ဝန်၏ဇနီး ဒေါက်တာလှမျိုးခင်နှင့် တက်ရောက်လာကြသည့် ကျောင်းသူဟောင်းများက ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြု ပူဇော် ကန်တော့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) ဒေါ်ခင်ရီရီသော်က ဆုံးမသြဝါဒစကားပြောကြားသည်။

 ဆက်လက်ပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့သောင်းနှင့် ကျောင်းသူဟောင်းဒေါ်နွယ်နီလှတို့က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားကာ ကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းဆွေက ငွေစာရင်းရှင်းတမ်းကိုဖတ်ကြား၍ ကော်မတီတွဲဖက်အတွင်းရေးမှူးနှင့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းတို့က ဆရာကန်တော့ပွဲအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့်အထက် အလှူခံရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 အဆိုပါ (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် ဆရာမကြီး ၁၅၅ ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် နှစ်သိန်း ခုနစ်သောင်းနှုန်းနှင့် အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ခဲ့ပြီး မတက်ရောက်နိုင်သည့် ဆရာမကြီးများအတွက်လည်း အလှူငွေနှင့်ပစ္စည်းများကို ပေးပို့လှူဒါန်း သွားမည်ဖြစ်သည်။