၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်

 ၂၀၁၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၂) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 ဘောလုံးပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီး ကျော်ကျော်မင်း နှင့် ဒေါက်တာ စိုးသန်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ အား/ကာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြေးခုန်ပစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးအားကစား ဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြသည်။

 ရှေးဦးစွာ ခရိုင်ပေါင်းစုံမှ အားကစားအသင်းများသည် အားကစားကွင်းအတွင်း နေရာယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ အရေးကြီးသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးမှု ရှိစေရေးအပြင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေးအတွက် ယနေ့ကာလသည် လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကာလ ဖြစ်ပါကြောင်း။

 ခရိုင်ပေါင်းစုံပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဒေသန္တရ ဗဟုသုတများ ရရှိစေမည့်အပြင်၊ အားကစားသမား အချင်းချင်း စည်းလုံးညီညွှတ်မှုရရှိကာ ထူးချွန် အားကစားသမားများလည်း ပေါ်ထွက်လာစေမည်ဖြစ်ပါကြောင်း။

 “တရားသော ယဉ်ပြိုင်ခြင်း”ဟူသည့် ဆောင်ပုဒ်အတိုင်း ပြိုင်ပွဲဝင်အားကစားသမားများက စည်းကမ်းရှိစွာ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို တာဝန်ယူကြီးကြပ် ကြမည့် ဒိုင်လူကြီးများကလည်း စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မိမိတို့ ရည်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရှိစေရန်လည်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

 ထို့နောက် ခရိုင်အလိုက် ဘောလုံးအသင်းများက အားကစားသစ္စာအဓိဌာန် လေးချက်ကို ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။

 ယင်းနောက် အုပ်စု(က)ပွဲစဉ်ကို စတင်ယဉ်ပြိုင်ကစားကြရာ မိတ္ထီလာခရိုင် ဘောလုံးအသင်းက ညောင်ဦးခရိုင် ဘောလုံးအသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

 ယနေ့ စတင်ဖွင့်လှစ်သော အဆိုပါဘောလုံး ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က)တွင် မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်အသင်း၊ အုပ်စု (ခ)တွင် မန္တလေးခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ပြင်ဦးလွင်ခရိုင် အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစား ကြမည် ဖြစ်သည်။