၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်

 နိုင်ငံသားစိစစ်ရေးကတ်ပြားရသည်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံသားအခွင့်အရေးများရမည်ဖြစ်သကဲ့သို့ နိုင်ငံသားပီသစွာ ကျင့်ကြံပြုမှုနေထိုင်လျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကို ချစ်တတ်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် မြန်မာနိုင်ငံသား ပုဏ္ဏားလူမျိုးများအား နိုင်​ငံသားစိစစ်​​ရေး ကတ်​ပြားများထုတ်ပေးခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

 အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခြင်းဖြစ်ပြီး မန္တ​လေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်​မှုဖြင့်​ အလုပ်​သမားလူဝင်​မှုကြီးကြပ်​​ရေးနှင့်​ ပြည်​သူ့အင်​အားဝန်​ကြီးဌာနတို့ပူး​ပေါင်း၍ United Pacific Co.,Ltd နှင့် Advanced Myanmar Star Co.,Ltd တို့၏ ပံ့ပိုးမှုဖြင့်​ ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​အတွင်း မန္တလေးတိုင်း​ဒေသကြီး မြို့နယ်​(၂၈)မြို့နယ်​အတွင်းရှိ​ကျောင်းသား​၊ ကျောင်းသူ ၆၇၀၇၅ ဦး၊ ချမ်း​အေးသာစံမြို့နယ်မှ ပြည်သူ ၅၅၄ ဦးနှင့်​ အမရပူရမြို့နယ်​မှ ပြည်​သူ ၇၃၀ ဦး၊ မန္တလေးခရိုင်​အတွင်းရှိ ပုဏ္ဏားလူမျိုး ၃၂ ဦးအား နိုင်​ငံသားစိစစ်​​ရေးကတ်​ပြားများ အခမဲ့ ပြုလုပ်​​ပေးအပ်​ခြင်းဖြစ်သည်။

 “နိုင်​ငံသားစိစစ်​​ရေးကတ်​ပြားဟာ အလွန်​အ​ရေးကြီးပါတယ်​၊ နိုင်​ငံ​ရေးအရ​နောက်​ဆက်​တွဲ ခံစားထိုက်​၊ ခံစားသင့်​တဲ့၊ ခံစားရမယ့်​အခွင့်​အ​ရေး​တွေ အများကြီးပါတယ်​၊ နိုင်​ငံမှာ လူဦး​ရေဆိုတာ အမြဲတန်းတိုးပွား​နေမှာပဲ၊ မွေးဖွားလာတဲ့က​လေး​တွေကို အ​ရေးကြီးဆုံးက ဖွားစာရင်း​ပေးရတယ်​၊ အဲ့လို​ပေးလိုက်​တဲ့အခါ ​တိုးလာတဲ့လူဦး​ရေကိုသိတဲ့အပြင်​တိုင်းရင်းသားမိဘနှစ်​ပါးက သားသမီးကို ဒီနိုင်​ငံမှာ​မွေးတယ်​ဆိုရင်​နိုင်​ငံသားဖြစ်​ဖို့ အခွင့်​အ​ရေး ရှိပြီးသားပါ၊ နိုင်​ငံသားစိစစ်​​ရေးကတ်ပြားရတယ်ဆိုတာ နိုင်​ငံသားအဖြစ်​အသိအမှတ်​ပြုလိုက်​တာပါ၊ နိုင်​ငံသားဖြစ်​သွားပြီဆိုရင်​ပြည်​​ထောင်​စုစိတ်​ဓာတ်​ရှိရတယ်​၊ ပြည်​​ထောင်​စုကြီးကိုချစ်​တတ်​ရမယ်​၊ နိုင်​ငံသားပီသစွာကျင့်​ကြံပြုမူ​နေထိုင်​ရမယ်​၊ လူ့အခွင့်​အ​ရေးအရ လူတစ်​​ယောက်​ဟာ နိုင်​ငံသားအခွင့်​ အရေးရှိရမယ်​။

 ဒီ​နေ့ ဒီကတ်​ပြားရလိုက်​တာ ​ကျောင်းသား၊ ကျောင်းသူ​​လေး​တွေနိုင်​ငံသားဖြစ်​ခွင့်​ရသွားပါပြီ၊ အစိုးရရဲ့ ရက်​တစ်​ရာစီမံချက်​ထဲမှာ နိုင်​ငံသားစိစစ်​​ရေး ကတ်​​ပြား​တွေ ထုတ်​​ပေးဖို့ဆိုပြီးပါခဲ့တယ်​၊ အခုလည်း​ကျောင်းသား​၊ ကျောင်းသူနဲ့ ပြည်​သူလူထု ​ခြောက်​​သောင်း​ကျော်​ကို နိုင်​ငံသားစိစစ်​​ရေးကတ်​ပြား​အောင်မြင်​စွာ​ပေးအပ်​နိုင်​တဲ့အတွက်​လူဝန်​မှုကြီးကြပ်​​ရေးနဲ့ပြည်​သူ့အင်​အားဆိုင်ရာဦးစီးဌာနကို ​ကျေးဇူးတင်​​ကြောင်း​ပြောပါရ​စေ၊ ကူညီပံ့ပိုး​ပေးတဲ့ ကုမ္မဏီ ကိုလည်း အထူး​ကျေးဇူးတင်​​ကြောင်း အစိုးရကိုယ်​စား ​ပြောကြားလိုပါတယ်​”ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 ထို့ပြင် ၀န်ကြီးချုပ်က ပြည်​တွင်းငြိမ်​ချမ်း​ရေးရရှိစေရန် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းအားဖြင့် ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

 ထို့​နောက်​လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ပြည်​သူ့အင်​အားဆိုင်​ရာ တိုင်း​ဒေသကြီးဦးစီးမှူး ညွှန်​ကြား​ရေးမှူး ဦးတင်​ချယ်​မှ နိုင်​ငံသားစိစစ်​​ရေးကတ်ပြားနှင့် ပတ်သက်၍ ကွင်းဆင်းပြုလုပ်ပေးခြင်းနှင့် သိသင့်သည့်အချက်များကို ရှင်းလင်းပြောကြားပြီး United Pacific Co.,Ltd နှင့် Advanced Myanmar Star Co.,Ltd မှ Sale and Marketing Director ဒေါ်အေးမိစံက အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ရရှိစေရန် ပံ့ပိုးဆောင်ရွက် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်ကြီး၊ အောင်မြေသာစံ၊ ချမ်းမြသာစည်မြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်ပညာရေးမှူး၊ အမရပူရမြို့နယ်မှ ပြည်သူများအား နိုင်သားစိစစ်ရေးကတ်ပြားများကိုပေးအပ်ပြီး လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ ပြည်​သူ့အင်​အားဆိုင်​ရာ မြို့နယ်ဦးစီးအရာရှိများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 အလားတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အစိုးရအဖွဲ့အဖွဲ့အစည်းဝင်များ၊ United Pacific Co.,Ltdမှ မန်နေဂျင်းဒါရိုက်တာ တို့ကလည်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် မန္တလေးခရိုင်အတွင်းရှိ ဥပဒေအရ မြန်မာနိုင်ငံသား ပုဏ္ဏားလူမျိုးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပေးအပ်ပြီး လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ပြည်​သူ့အင်​အားဆိုင်​ရာ မြို့နယ်ဦးစီးအရာရှိများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

 ယင်းနောက် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့အစည်းဝင်များ၊ လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်​သမားလူဝင်​မှုကြီးကြပ်​​ရေးနှင့်​ ပြည်​သူ့အင်အားဝန်​ကြီးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပညာရေး ဌာနမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူမျာ၊ ပြည်သူများနှင့် သတင်းမီဒီယာအသီးသီးမှ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 ယနေ့အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာသူများအား ယဉ်ကျေးမှုအနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများက သွေးချင်းတို့ဌာနီမြန်မာပြည် အကဖြင့် ဖျော်ဖြေကာ စတင်ဖွင့်လှစ်ခဲ့ပြီး အစီအစဉ်များအပြီးတွင် ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်၏ ဖျော်ဖြေမှုနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များကို အမေးအဖြေအစီအစဉ်များဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြ သည်။