၂၀၁၈ ခုနှစ် ဇန်နဝါရီ ၉ ရက်

 နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးရေးရာကော်မတီ နာယက  ဒေါက်တာ ယုယုမေက အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုလို ကလေးပြိုင်ပွဲ ကျင်းပရခြင်းသည် မြန်မာနိုင်ငံတွင် ရှိနေသည့် ကလေးများ ကျန်းမာသန်စွမ်းကာ ဥာဏ်ရည်ဖွံ့ဖြိုးသော ကလေး များအဖြစ် မွေးဖွားလာရန်နှင့် ကျန်းမာသန်စွမ်းပြီး  ဥာဏ်ရည်ဖွံ့ဖြိုးသည့် ကလေးများအဖြစ် ကြီးထွားလာရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ကို အကြောင်းပြုပြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကလေးပြိုင်ပွဲကို ကျင်းပပေးခြင်းသည် ကောင်းမွန်ကြောင်း၊ ကလေးများ၏ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှု ၇၅ ရာခိုင်နှုန်းသည် မိခင် ကိုယ်ဝန်ဆောင်ချိန်မှ ကလေးနှစ်နှစ်အတွင်း အစားအသောက်၊ အနေအထိုင် ဆောင်ရန်၊ ရှောင်ရန်များကို သိထားခြင်းအားဖြင့် ကလေးများ၏ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးမှုများအတွက် များစွာအရေးကြီးကြောင်း၊ ကိုယ်ဝန်ဆောင် ချိန်မှစတင်၍ ဂရုစိုက်ရမည့် အခြေအနေများ၊ မွေးဖွားပြီးချိန်တွင် မိခင်နို့ရည်တစ်မျိုးတည်း သောက်သုံးရမည့်အရွယ်မှ ဖြည့်စွက်အစာများကို ကျွေးမွေး ရမည့် အခြေအနေများကိုလည်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ရပ်ကွက်၊ ကျေးရွာများတွင် ဟောပြောမှုများ ပြုလုပ်ပေးနေတာ သိရကြောင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခြင်းကြောင့် ကလေးများ ကျန်းမာဖွံ့ဖြိုးကာ ရပ်တည်နိုင်ပြီး နောင်တစ်ချိန်တွင် တိုင်းပြည်၏ အားကိုးရသော သားကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပါဝင်ကူညီသူများအား ကျေးဇူးတင်ရှိကြောင်း” အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 ဆက်လက်၍ ဒိုင်အဖွဲ့ဝင် ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ယုယုဝေက အမှတ်ပေး စည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးရေးရာကော်မတီ နာယက ဒေါက်တာ ယုယုမေနှင့် နာယကများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့် တာဝန်ရှိသူများက သုံးမြွှာပူးကလေးများ အပါအဝင် အမြွှာကလေးများ၊ အသက်အပိုင်းအခြားအလိုက် ကလေးများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

 ထို့နောက် ကလေးပြိုင်ပွဲတွင် အကဲဖြတ်ပေးကြသော ဒိုင်အဖွဲ့အား အတွင်းရေးမှူး ဒေါက်တာ အောင်သိန်းအေးက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆု လက်ဆောင်ပစ္စည်းများနှင့် အလှူငွေကျပ် နှစ်သိန်း ပါဝင်ကူညီသည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်၏ ဇနီးက ကလေးများနှင့် ကလေးမိဘများအား လိုက်လံ အားပေးနှုတ်ဆက်သည်။

 ကလေးပြိုင်ပွဲတွင် ကလေးများ၏ အသက်အပိုင်းအခြားအလိုက် အုပ်စုခွဲကာ ကိုယ်အလေးချိန်၊ အရပ်၊ အသားအရေကျစ်လျစ်မှု၊ အရေပြားကျန်းမာရေး၊ အသက်အပိုင်းအခြားအလိုက် မိဘများက ကာကွယ်ဆေးထိုးပေးမှုများ၊ အသက်အရွယ်အလိုက် တတ်သိနားလည်မှု၊ ကျန်းမာရေး အခြေအနေနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု စသည့် အချက်များကို အမှတ်ပေးရွေးချယ်ကာ ဆုများချီးမြှင့်ခဲ့သည်။