၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်

 မန္တလေးတိုင်းဒေသကြီး ၂၀၁၈ ခုနှစ် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း ဥပစာ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

 အခမ်းအနားသို့ ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အရာရှိကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ၊ မန္တလေးအခြေစိုက် သံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံအသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ ကိုယ်ပိုင်ကျောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း အင်အား ၃၄၀၀ ကျော် တက်ရောက်ကြသည်။

 ရှေးဦးစွာ အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းဖြင့် တီးမှုတ်ကြသည်။

 ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အားကစားကွင်းတွင် စေတနာရှင် အဖွဲ့အစည်းများ၏ တိုင်းရင်းသားရိုးရာ အစားအစာများ၊ မုန့်များဖြင့် စတုဒိသာ ကျွေးမွေးဧည့်ခံနေမှုကိုလည်းကောင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်း ပွဲတော်တွင် ခင်းကျင်းထားသော စာအုပ်ဆိုင်များ၊ တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံနှင့် အစားအစာပြခန်းများ၊ အသုံးအဆောင်နှင့် ယဉ်ကျေးမှု ဓလေ့ ဆိုင်ရာပြခန်းများကိုလည်းကောင်း၊ ကြည့်ရှုအားပေးကြကာ ပြည်သူလူထုများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

 အလားတူ ယနေ့အခါသမယ၌ နိုင်ငံတစ်ဝှမ်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတို့တွင်လည်း ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။