၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

 တရုတ်နှစ်သစ်ကူးအကြိုအထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီက ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မင်္ဂလာမန္တလေး၊ ပရိုမိုရှင်းဧရိယာတွင်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တက်ရောက်ပြီး ဂုဏ်ပြုကြိုဆို စကားပြောကြားခဲ့သည်။

 မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ တရုတ်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့များဖြစ်ကြသည့် ယူနန်ဗုဒ္ဓဘာသာ၊ ဖူးကျန့်ဗုဒ္ဓဘာသာနှင့် ကွမ်းတုံဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ကျင်းတောယန်ပရဟိတအသင်းချုပ်နှင့် ကျင်းတောယန်ပရဟိတအမျိုးသမီးအသင်း၊ မန္တလေး လူမျိုးစုဘုံကျောင်း၊ Oversea Chinese Women Association အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၊ မန္တလေးတရုတ်ကုန်သည်ကြီးများ အသင်း၊ Oversea Chinese Service Center မြန်မာ-တရုတ်ချစ်ကြည်ရေးနှင့် နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

 ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တက်ရောက်လာကြသူများသည် ပွဲတော်အတွင်းရှိ ဈေးဆိုင်ခန်းများတွင် စတုဒီသာကျွေးမွေးရေးအစီအစဉ်များကို လိုက်လံကြည့်ရှုအားပေးပြီးနောက် ပွဲတော်လာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကြသည်။    

 ထို့နောက် တရုတ်နှစ်သစ်ကူးအကြိုအထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေရေးနှင့်ပျော်ပွဲရွှင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် ဦးကျော်ရင်(ခ)Mr.Wang Zongying က နှစ်သစ်ကူး အကြိုပွဲတော်နှင့်စပ်လျဉ်း၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေရေးနှင့်ပတ်သက်၍ ဂုဏ်ပြုကြိုဆိုစကား ပြောကြားပြောကြားသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား အလင်းသစ်ယဉ်ကျေးမှု အကအလှအဖွဲ့၊ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အဖွဲ့က “ကောင်းခြင်းသင်္ခါ” မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအကအလှတို့ဖြင့်လည်းကောင်း၊ ကွမ်တုံဘုံကျောင်းအဖွဲ့က “ခြူးအက”နှင့် မန္တလေးဝူရှူးအားကစားအဖွဲ့က “ဝူရူးအက”တို့ဖြင့်လည်းကောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအဖွဲ့နှင့်ကျန်ရှိသော ယဉ်ကျေးမှုအဖွဲ့၊ တရုတ် စာသင်ကျောင်းများ၊ ဘကကျောင်းများနှင့် ယူနန်အားကစားစင်တာစသည့် (၁၃)ဖွဲ့တို့မှ မြန်မာ-တရုတ်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အလှ၊ တူရိယာသံစဉ်တို့ဖြင့် သီဆိုတီးခတ်ကပြဖျော်ဖြေခဲ့ကြသည်။

 ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်နှင့်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တို့မှ ဖိတ်ကြားထားသူများ၊ မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်းတို့မှအဖွဲ့ဝင်များ၊ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် ပညာတော်သင်ကျောင်းသား/ ကျောင်းသူ များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယူနန်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မန္တလေးဝူရူးအဖွဲ့၊ တရုတ်စာသင်ကျောင်း များ၊ ဘကကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် ယူနန်အားကစားစင်တာမှအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပွဲတော်လာ တရုတ်လူမျိုးများနှင့် မြို့တော်နေ မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။