၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်

 မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ကြီးမှူး၍ မြန်မာနိုင်ငံ ကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း (၁၀၃)နှစ်မြောက် မွေးနေ့ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးရေးရာကော်မတီနာယက ဒေါက်တာ ယုယုမေက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ကလေးများက အက၊ အလှများ၊ တေးသီချင်းများ၊ တေးသရုပ်ဖော် အစီအစဉ်များအပြင် ပုံပြင်သရုပ်ဖော် အစီအစဉ် များဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးရေးရာကော်မတီနာယက ဒေါက်တာ ယုယုမေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ရဲလွင်၊ ဒေါက်တာ စိုးသန်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီနာယကများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကလေးများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြပြီး ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ကြသည့် ကလေးများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

 အဆိုပါအစီအစဉ်တွင် ကလေးများနှင့် မိဘများအား ပဲပြုတ်နှင့် နံပြား ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးဝေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ နှင့်အတူ ကလေးများ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် စီစဉ်ပေးခြင်း၊ ကလေးများအား အားလုံး ပျော်ရွှင်စွာ ပါဝင်နိုင်သည့် ပဒေသာကပွဲ အစီအစဉ် များဖြင့် ကျင်းပခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မိဘမဲ့ကလေးများကျောင်း၊ အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများနှင့် အခြေခံပညာ ကျောင်းများမှ ကလေးများ၊ ပုဂ္ဂလိကကျောင်းများမှ ကလေးများ အခမ်းအနားသို့ လာရောက်ကြသည့် ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။