၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်

 ယခုနှစ် မဟာသင်္ကြန်ပွဲတော်မတိုင်မီအကြိုကာလတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာသောမော်တော်ယာဉ်နှင့် ဆိုင်ကယ်များမှ သိမ်းဆည်းခဲ့သော စက်သံဆူညံသည့်အိတ်ဇောအလုံးရေ တစ်ထောင်ကျော်ကို လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့သည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁၄)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(မန္တလေး)တို့က ပူးပေါင်း၍ အဆိုပါ အိတ်ဇောများဖျက်ဆီးခြင်းအခမ်းအနားကို ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး ၇၃ လမ်း၊ ငုရွှေဝါလမ်းဆုံအနီး လမ်းမပေါ်တွင် ဧပြီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

 “သင်္ကြန်ပွဲတော်မတိုင်မီမှာ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေရဲ့ အိတ်ဇောပိုက်ကိရိယာကို စက်သံဆူညံစေရန်ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲတပ်ဆင်တဲ့ ယာဉ်တွေကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တပ်ဖွဲ့ဝင် တွေက ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး စစ်ဆေးအရေးယူတာ၊ ပညာပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်၊ စည်းကမ်းမလိုက်နာတဲ့ စက်သံဆူညံ အိတ်ဇောတပ်ဆင်ထားတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်ယာဉ်မောင်းတွေကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူပါတယ်၊ စက်သံဆူညံစေတဲ့ အိတ်ဇောပိုက်တွေကို စက်သံလုံခြုံတဲ့ အိပ်ဇောတွေနဲ့ အစားထိုးလဲလှယ်စေပြီးမှသာ ယာဉ်တွေကို ပိုင်ရှင်ဖြစ်သူထံပြန်လည်ထုတ်ပေးပါတယ်၊ စက်သံဆူညံတဲ့အိတ်ဇောတွေကိုတော့ ရဲတပ်ဖွဲ့၊ ယဉ်ထိန်းရဲတပ်ဖွဲ့တို့က သိမ်းဆည်းခဲ့ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက အခမ်းအနားတွင် ပြောကြားသည်။

 အဆိုပါ အိတ်ဇောများဖျက်ဆီးခြင်းဆောင်ရွက်ရာတွင် သိမ်းဆည်းထားသော စက်သံဆူညံ အိတ်ဇောအရေအတွက်မှာ စုစုပေါင်း (၁၀၀၅)ခုဖြစ်ပြီး ယင်းတွင် မန္တလေးမြို့ပေါ်မှ (၆၃၉)ခု၊ ကျောက်ဆည်မှ (၈၀)ခု၊ ညောင်ဦးမှ (၇၀)ခု၊ မြင်းခြံမှ (၁၅၀)ခု၊ မိတ္ထီလာမှ (၅၂)ခု၊ ရမည်းသင်းမှ (၁၃)ခု စသည့်ဖြင့်ပါဝင်၍ ကာလတန်ဘိုးငွေကျပ် သိန်း (၅၀၀)ခန့်ဖြစ်သည်ဟုသိရသည်။

 ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများကြောင့် လူမှုရေး၊ စီးပွားရေး ဆုံးရှုံးမှုကြီးမားကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်စီးရေ တိုးမြင့်လာသကဲ့သို့ ယာဉ်မတော်တဆထိခိုက်မှုလည်း မြင့်မားလာကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကိုအောင်မြင်စေဖို့ ဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံနှင့် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရမည်ဟုလည်း ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဆိုသည်။

 ယာဉ်မတော်တဆမှုများအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း (၂၂၃၃)မှု၊ ဒဏ်ရာရရှိသူ (၃၅၆၅)ဦးနှင့် သေဆုံးသူဦးရေ ၇၀၀ ကျော်ရှိခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလမှ မတ်လအတွင်း ယဉ်မတော်တဆမှုပေါင်း ၅၇၈ မှု၊ ဒဏ်ရာ ရသူ ၇၉၅ ဦးရှိပြီး သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့ရာ ပျမ်းမျှအနေဖြင့် တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၆ မှု၊ ဒဏ်ရာရသူ ၉ ဦး၊ သေဆုံးသူ နှစ်ဦးခန့်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးထားသည်။

 ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပိုမိုကောင်းမွန်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတတ်ဖွဲ့၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့တို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းခြင်း နည်းစနစ်များဖြစ်သည့် ပညာပေးစနစ်၊ အင်ဂျင်နီယာနည်းစနစ်၊ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း နည်းစနစ်၊ ပတ်ဝန်းကျင်အခြေအနေဆိုင်ရာ ထိန်းသိမ်းခြင်းနည်းစနစ်များဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိသည်။