၂၀၁၈ခုနှစ်၊ မေလ ၂၂ ရက်

 မန္တလေးခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက်များရှိ သီလရှင်အပါး ၃၈၀၀ ကျော်တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ပြည်သူများက ဆွမ်းဆန်တော်၊ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲက ချမ်းမြသာစည်မြို့နယ်ရှိ မြ၀တီသီလရှင်စာသင်တိုက်တွင်ပြုလုပ်ခဲ့သည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီတို့မှ မန္တလေးခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ အခမ်းအနားသို့ မန္တလေးတိုင်းသီလရှင် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြ၀တီသီလရှင်စာသင်တိုက် နာယက ဆရာကြီး အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါ်ပညာဝတီအမှူးပြု၍ အနီဃာသီလရှင် စာသင်တိုက် နာယက ဆရာကြီး အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါ်ဥက္ကဋ္ဌ၀တီ၊ မြ၀တီသီလရှင်စာသင်တိုက်တိုက်အုပ်ဆရာကြီး အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါ်ရူပသိင်္ဂီနှင့် မြို့နယ်ခုနှစ်မြို့နယ်ရှိ စာသင်တိုက်အသီးသီးမှ ပင့်ဖိတ်ထားသော သီလရှင်ဆရာကြီး ဆရာလေး ၄၀၀ ပါးကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်ဇနီးဒေါက်တာယုယုမေ၊ အစိုးရအဖွဲ့အဖွဲ့အစည်းဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အမျိုးသမီးကော်မတီတို့မှ တာဝန်ရှိသူများ၊ အလှူရှင်မိသားစုများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြည်ညိုခဲ့ကြသည်။

 အစီအစဉ်အရ ကြွရောက်လာကြသော သီလရှင်ဆရာကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး မြ၀တီသီလရှင်စာသင်တိုက်နာယက သီလရှင် ဆရာကြီး အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါ်ပညာဝတီထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သီလရှင်ဆရာကြီးများ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာပို့ ဒေသနာ တရားတော်များကိုနာယူကြသည်။

 ဆက်လက်၍ မန္တလေးတိုင်းအမျိုးသမီးအဖွဲ့ နာယက ဒေါက်တာယုယုမေက သီလရှင်ဆရာကြီး ဆရာ လေးများအား သာသနာရေးဆိုင်ရာများ လျောက်ထားရာတွင် ဆရာကြီးဆရာလေးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသော ဂုဏ်အပေါင်းတို့ကို ရည်မှန်း၍ လှူဒါန်းခွင့်ရသဖြင့် ကုသိုလ်တရား တိုးပွား ရရှိမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ သီလရှင်ဆရာကြီးဆရာလေးများမှပရိယတ္တိ၊ ပဋိပတ္တိတာဝန်များကိုကျေပွန် စွာထမ်းဆောင်လျက်ရှိသဖြင့် ဒါယကာ၊ ဒါယိကာမများဘက်ကလည်း ပစ္စည်းလေးပါးတို့ကို စေတနာ သဒ္ဓါ ထက်သန်စွာ လှူဒါန်းခြင်းဖြင့် ဆရာဒကာ လက်တွဲညီညာစွာ ဆောင်ရွက်ပါက မြတ်စွာဘုရားရှင်၏ ပရိယတ် ပဋိပတ်ပဋိဝေဒ ဟူသော သာသနာတော်သုံးရပ်သည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်း ထွန်းကားရုံမျှမက ကမ္ဘာတစ်လွှားသို့ပင်ထွန်းကားပြန်ပွားနိုင်မည်ဟုအလေးအနက်ထား ယုံကြည်မိပါကြောင်း စသည်ဖြင့် လျောက်ထား သည်။  

 ထို့နောက်ဧည့်ပရိတ်သတ်အပေါင်းတို့က သီလရှင်ဆရာကြီး ဆရာလေးများအား လှူဖွယ်ဝတ္တုများ ကိုဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အောင်မြင်ခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့အဖွဲ့အစည်းဝင်များနှင့် ၄င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အမျိုးသမီးကော်မတီတို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက အလှူရှင်မိသားစုများနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အသီးသီးမှ သီလရှင်ဆရာကြီးဆရာလေးများကိုယ်စားပြု တက်ရောက် လာကြသော သီလရှင်အမှုဆောင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ကိုလောင်းလှူခဲ့ကြသည်။

 ယနေ့အခမ်းနားတွင် သီလရှင်ဆရာကြီးဆရာလေးများအား လှူဖွယ်ဝတ္တုများ ကုသိုလ်ပြုကြရာတွင် အောင်မြေသာစံမြို့နယ်မှ သီလရှင်ကျောင်း ၇၂ကျောင်း၊ ချမ်းအေးသာစံ မြို့နယ်မှ သီလရှင်ကျောင်း ၁၀ ကျောင်း၊ မဟာအောင်မြမြို့နယ်မှ သီလရှင်ကျောင်း ၁၀ကျောင်း၊ ချမ်းမြသာစည်မြို့နယ်မှ သီလရှင်ကျောင်း ၁ ကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ သီလရှင်ကျောင်း ၉၆ ကျောင်း၊ ပုသိမ်ကြီးမြို့နယ်မှ သီလရှင်ကျောင်း ၁၄ ကျောင်း၊ အမရပူရမြို့နယ်မှသီလရှင်ကျောင်း ၁၃ ကျောင်းတို့ရှိသီလရှင်ဆရာကြီးဆရာလေး စုစုပေါင်း ၃၈၉၃ ပါးအတွက်လောင်းလှူခဲ့ခြင်း ဖြစ်သည်။  သီလရှင်ဆရာကြီးဆရာလေး တစ်ပါးစီအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အမျိုးသမီး ကော်မတီတို့က န၀ကမ္မ၀တ္တုငွေ ၃၀၀၀ ကျပ်စီနှင့် လှူဖွယ်များကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး အစိုးရ အဖွဲ့မိသားစုဝင်များက န၀ကမ္မ၀တ္တုငွေ ၂၀၀၀ ကျပ်စီနှင့် လှူဖွယ်များကို လည်းကောင်း၊ အလှူရှင် မိသားစုများက ငါးခြောက်အိတ်များ၊ လှူဖွယ်ဝတ္တုပစ္စည်းများကိုလည်းကောင်း အသီးသီးလောင်းလှူကုသိုလ် ပြုခဲ့ကြသည်။

 "ပရိယတ္တိသာသနာတော်ကြီး အဓွန့်ရှည်ပြန့်ပွားရေးမှာ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနဲ့ သီလရှင်များ စာပေကျမ်းဂန်သင်အံပို့ချပြီး ပရိယတ္တိသာသနာတော်ကြီး အရှည်ခန့် တည်မြဲအောင်ဆောင်ရွက် ရမှာဖြစ်ပါတယ်၊ ဒကာ၊ ဒကာမတွေက သာသနာဝန်ထမ်းသီလရှင်တွေကို သဒ္ဓါ ၀ိရိယထက်သန်စွာနဲ့ ပညာ မေတ္တာရှေ့ထားကြပြီး ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြတာကိုဆရာကြီးဆရာလေးတွေကိုယ်စား ၀မ်းမြောက် မိပါတယ်၊ သာသနာတော်ကြီးအရှည်ခန့်တည်တံ့စေဖို့ ထောက်ပံ့လှူဒါန်းကြတဲ့အတွက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ သာသနာအကျိုး လောကအကျိုးသယ်ပိုး ရွက်ဆောင်နိုင်ပါစေ"ဟု သီလရှင်ဆရာကြီး အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါ်ပညာဝတီက မေတ္တာစကားမိန့်ကြားသည်။