၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဆရာတော်ကြီးများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ကြွရောက်ရန်အတွက် ခရီးစရိတ် နဝကမ္မအလှူငွေ လှူဒါန်းပွဲနှင့် ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂ ရက် နံနက ၁၀ နာရီက မန္တလေးမြို့ ကြင်းတော်ယန် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာ ယုယုမေ တက်ရောက်၍ ဆရာတော်များအား သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကောင်းကျောင်းတိုက် ဝါးတန်းစာချတန်းဆရာတော် ဘဒ္ဒန္တ သီလာစာရာ ဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသဝထံမှ ရေစက်ချတရား နာယူကြည်ညိုကြသည်။

 ဆက်လက်ပြီး ဝန်ကြီးချုပ်၏ ဇနီး၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့၊ ကြင်းတော်ယန် အမျိုးသမီး ပရဟိတ အသင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း၊ Overseas Chinese Service Center နှင့် ဘုံကျောင်းအသီးသီးမှ ဂေါပကများ၊ အလှူရှင်များက ဆရာတော်ကြီးများအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

 ဆရာတော်ကြီးများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ထားကိုးကွယ်သည့် ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် တရုတ်ပြည်တွင် ရှိနေသည့် ဗုဒ္ဓအမွေအနှစ်များကို လေ့လာနိုင်စေရန်အတွက် မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်ကာ အလှူရှင်များ စုပေါင်း၍ ခရီး စရိတ် နဝကမ္မနှင့် သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။