၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်

 မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်း ဖွင့်လှစ်သော စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြင့် (၂)လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီက အဆိုပါ သိပ္ပံကျောင်း သင်တန်းခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာ ယုယုမေက အဖွင့်အမှာစကားပြောကြားရာတွင် “အကြောင်းအမျိုးအမျိုးကြောင့် အတန်းပညာကို ဆုံးခန်းတိုင်အောင် သင်ကြားမှုမပြုနိုင်ခဲ့သူများ၏ ဘဝရှေ့ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုခုကို သင်ကြားပေးနိုင်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတော်က အသက်မွေးဝမ်း ကျောင်းပညာရပ်များကို စီစဉ်ပေးရခြင်းဖြစ်ကြောင်း၊ လူတိုင်း အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ရပ်ကို သင်ယူကြရမည်ဖြစ်ကြောင်း၊ ဝါသနာကို အရင်းခံကာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူပြီး မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဖန်တီးမှုတွေပြုလုပ်ပြီး ဘဝရှေ့ရေးကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စက်ချုပ်သင်တန်း ငါးကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ ၁၂၅ ဦး ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့၏ နောက်ကြောင်းကို ပြန်လည်လေ့လာကြည့်ရာတွင်လည်း စက်ချုပ်ပညာဖြင့် ဆက်လက်အသက်မွေး ဝမ်းကျောင်းပြုနေကြပြီး အဆင်ပြေကြသည့်အတွက် ဝမ်းမြောက်မိကြောင်း”အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 ဆက်လက်ပြီး ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးကော်မတီနာယကနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် အဆိုပါ သိပ္ပံရှိ စက်ချုပ် ပညာဌာနအတွင်း စက်ချုပ်နေကြသည့် သင်တန်းသူများနှင့် ဆေးရေးပန်းချီသင်တန်းပေးနေမှုများကို သွားရောက်အားပေးကြ သည်။ အဆိုပါ သင်တန်းသို့ ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဥ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကိုင်၊ တံတားဦး၊ အမရပူရနှင့် ပုသိမ်ကြီး မြို့နယ်တို့မှ သင်တန်းသူများ တက်ရောက်ကြသည်။