၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

 မန္တလေးခရိုင် ၇ မြို့နယ်မှာ  သိန်းငှက်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး စီမံချက်ကာလ သုံးလနီးပါးတွင် ယနေ့အထိ အမှုပေါင်း ၃၃၃၀ မှုနှင့် ကျားတရားခံ ၃၄၇၉ ယောက်၊ မတရားခံ ၉၃ ဦး၊ ပေါင်း ၃၅၇၁ ဦးကို ဖမ်းဆီးရမိထားသည်။

 အဆိုပါ သိန်းငှက်စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုများအကြားတွင် ဝေဖန်မှုအမျိုးမျိုးရှိနေပြီး လူမှုကွန်ယက်များတွင် သတင်းမှားလွှင့်ခြင်း၊ တစ်ဘက်စောင်းပုတ်ခတ်ဖော်ပြခြင်းများ ရှိနေသဖြင့် ပြည်သူ လူထုပူးပေါင်းပါဝင်ဖို့လိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 သိန်းငှက်စစ်ဆင်ရေးဆောင်ရွက်သော ၂၅.၆.၂၀၁၈ ရက်နေ့မှ ယနေ့ထိ ကာလအတွင်း ဖမ်းဆီးမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှု ၁၀ မျိုးရှိပါကြောင်း၊ ကြိုတင်ကာကွယ်မှုမှာ သုံးလအတွင်းမှာ လက်နက်ပုန်း ၆၄ မှု၊ တရားခံ ၆၅ ဦး ဖမ်းမိကြောင်း၊ လောင်းကစားမှု ၂၆ မှု၊ ကျားတရားခံ ၇၄ ဦး၊ မတရားခံ ၃၂ ဦး၊ ပေါင်း ၁၀၆ ဦး ဖမ်းမိပါကြောင်း၊ မူးယစ်ဆေးဝါးမှု ၁၃၀ မှု၊ မန္တလေးမြို့ပေါ် ၇ မြို့နယ်တွင် ကျားတရားခံ ၁၈၇ ဦး၊ မတရားခံ ၃၄ ဦး၊ ပေါင်း ၂၂၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြည့်တန်ဆာမှု ၇ မှု၊ ခြေချုပ်ခံဝန် ၃ မှု၊ ရဲအက် ၁၄၉၉ မှု၊ ယစ်မျိုး ၁၆ မှု၊ ခိုးမှု ၂၂၈ မှု၊ ဆင်ဆာမဲ့ဗီဒီယို ၁ မှု၊ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အမှု ၁၃၅၆ မှု စသည်တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

ဒေါက်တာ ဇော်မြင့်မောင်

ဝန်ကြီးချုပ်

 သိန်းငှက်စစ်ဆင်ရေးကို အရှိန်အဟုန်နဲ့ မြို့နယ်တွေမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ဆိုပြီး ပြောနေတဲ့အချိန်မှာ တချို့ စိတ်ဝင်စားကြတယ်။ တချို့စိတ်မဝင်စားဘူး။ ကျွန်တော်တို့ တောက်လျှောက် လုပ်နေကြတယ်။ ည ၁၁ နာရီ၊ ၁၂ နာရီ ရပ်ကင်း၊ လှည့်ကင်း၊ ပတ်ကင်း အကုန်လုံး လုပ်နေတယ်။ မှုခင်းကြိုတင်ကာကွယ်ရေးလည်း လုပ်နေတယ်။ ကျွန်တော်တို့လုပ်နေတာ အချိန် ၃ လပြည့်တော့မယ်။ မြို့နယ်တွေမှာ CCTV တွေတပ်ထားတယ်။ ဘယ်သူမှ စိတ်မဝင်စားဘူး။ လမ်းမီးတွေ တပ်ပေးတယ်။ ဘယ်သူမှ သတိမထားမိဘူး။ အခုကျမှ မန္တလေးမြို့ကြီးမှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေကို ဝိုင်းဝန်း ကာကွယ်ကြဖို့ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့အစိုးရ လုပ်နေတာပဲ၊ တစ်စိုက်မတ်မတ်ကို လုပ်နေတယ်။ လွှတ်တော်ကနေ အဆိုတင်လိုက်ကတည်းက မန္တလေးမြို့မှာ မှုခင်းကျဆင်းရေးဆိုတာ လုပ်နေတယ်။ မလုပ်တာမရှိဘူး။ ဘာဖြစ်သလဲဆိုတော့ ဒီရာဇဝတ်မှုတွေကို High Light လုပ်ပြီးတော့ အစိုးရကို ဘာမှမလုပ်သရောင် ပြောနေတဲ့သူတွေ အများကြီးပဲ။ ဘာလို့ ဒါတွေ တင်နေသလဲဆိုတော့ ကြားဖြတ်ရွေးေ ကာက်ပွဲ နီးလို့။ ဘာမှ မလုပ်ဘူးဆိုတာ တင်နေတာ။ ပြောကြတာလည်း မန္တလေးမြို့ကြီး နေစရာကို မရှိတော့ဘူး။ အစိုးဘက်ကိုကျတော့ လာပူးပေါင်းလုပ်ဖို့ ဘယ်တုန်းကပြောခဲ့ကြလဲ။ မီဒီယာတွေလည်း အဖြစ်မှန် ရှုထောင့်ကပြောရင် ဘာမှမဖြစ်ဘူး။ ပူးပေါင်းပါဝင်ကြပါ။ ဘယ်သူမဆို ပူးပေါင်းလို့ရတယ်။

 ရပ်ကွက်လူ့အဖွဲ့အစည်းတွေကနေ ကိုယ့်ဟာကို ဖွဲ့ပြီး မသင်္ကာတာကို ရှာချင်တယ်ဆိုတာတော့ အဲလိုရှာလို့မရဘူး။ အာဏာပိုင်အဖွဲ့အစည်းမပါရင် ပြဿနာတက်နိုင်တယ်။ ဒါကြောင့် ခွင့်မပြုခဲ့ဘူး။ အစိုးရနဲ့ ပေါင်းလုပ်မယ်ဆိုမှ ဖွဲ့ပေးတာ။ ရပ်ကွက်မှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စောင့်ပေးနေတဲ့ စေတနာရှင်တွေပါတယ်။

 ကြိုတင်ကာကွယ်မှုလုပ်နေတယ်။ ၃ လအတွင်းမှာ လုပ်ခဲ့တာကို ကျွန်တော်ကိုယ်တိုင် Survy လုပ်နေတယ်။ ဘယ်လောက်အောင်မြင်သလဲဆိုတာ သိခဲ့တယ်။ Sustainable ဖြစ်ဖို့လိုတယ်။ မြို့တစ်မြို့လုံး လုံခြုံရေးဆိုတာ အစိုးရတစ်ခုတည်း လုပ်လို့မရဘူး။ အကုန်ပါဖို့ လိုတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တွဲလုပ်ပါဆိုတာလည်း အမြဲတမ်း ပြောနေတယ်။

ရဲမှူးကြီးမြင့်ဦး

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး

  မန္တလေးမြို့ပေါ်မှ ခိုးဆိုးလုနှိုက် မူးယစ်ဆေးဝါးမှုခင်းတွေ ပပျောက်ဖို့အတွက် သိန်းငှက်စီမံချက်နဲ့ ၂၅.၆.၂၀၁၈ ရက်နေ့မှ စပြီး ၂၃.၉.၂၀၁၈ ရက်နေ့ထိ ရက် ၉၀ လုပ်မှာပါ။ ဒီဟာကို မလုပ်ခင် အစိုးရအဖွဲ့က ဦးစီးပြီးတော့ မန္တလေးခရိုင် ၇ မြို့နယ်မှာ ကွင်းဆင်းပြီးတော့ ရဲတပ်ဖွဲ့၊ မီးသတ်၊ အုပ်ချုပ်ရေး၊ ယာဉ်ထိန်း၊ ဒီအဖွဲ့တွေနဲ့ ရပ်ကွက်မှာရှိတဲ့ လူထုတွေ အရန်မီးသတ်၊ NGO အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မယ့် လူတွေနဲ့ အားလုံးတွေ့ပြီးတော့ ဒီရပ်ကွက်အတွင်းမှာ ခိုးဆိုးလုနှိုက် ဒီလိုရှိတာတွေ ရပ်ကွက်အလိုက် နယ်မြေတွေ သတ်မှတ်ပြီးတော့ အဖြစ်များတဲ့နေရာတွေ၊ ဖြစ်တတ်တဲ့ နေရာတွေမှာ ညစဉ် ကင်းလှည့်ခြင်း၊ ကင်းဝပ်ခြင်း၊ မှုခင်းတွေ ဖော်ထုတ်ခြင်းတွေကို ဆောင်ရွက်နေတယ်။

 အဲဒါတွေလုပ်ပြီးတော့ သိန်းငှက်စီမံချက်ကို စီမံချက်ကြီးတစ်ရပ်အနေနဲ့ ဖော်ထုတ်မယ်ဆိုပြီးတော့ အစိုးရအဖွဲ့ကနေ ၃ လတာကာလ တာဝန်ပေးပြီး လုပ်ပါတယ်။ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ချည်းပဲ မလုပ်ပါဘူး။ မူးယစ်၊ CID ၊ SB အားလုံးပါပါတယ်။ အင်အား ၁၀၀၀ နဲ့ လုပ်ပါတယ်။ ရဲတပ်ဖွဲ့အင်အား ၁၀၀၀ အပြင် လူထုအင်အား၊ ရပ်ကွက်မှာ ရှိတဲ့ အချိုးနဲ့ယှဉ်ပြီး ၅၀၀ လောက်ပါပါတယ်။ စလုပ်ရာကနေပြီးတော့ တဖြည်းဖြည်း နောက်ဆုံးအခြေအနေမှာ တပ်ရင်းတပ်ဖွဲ့ကလည်း တပ်ရင်း တစ်ရင်းကျော်ပေးပါတယ်။ ဒါတွေ ပေးတဲ့အတွက်ကြောင့် မြို့ပေါ်မှာ သိန်းငှက်စီမံချက်နဲ့ မြို့လုံခြုံရေးအတွက် လုပ်ပါတယ်။ နေ့အချိန် တစ်ခုခုဖြစ်လို့ရှိရင် ရဲတွေမရှိဘူး၊ အုပ်ချုပ်ရေးအဖွဲ့တွေမရှိဘူး မဖြစ်ရလေအောင် Police House တွေထားပြီးတော့ နေ့စဉ် နေ့စဉ် ရပ်ကင်းရုံ ၅၀ မှာ ရဲသုံးယောက်၊ အုပ်ချုပ်ရေး နှစ်ယောက်ပါဝင်ပြီးတော့ ညစဉ် လှည့်ပါတယ်။ သတင်းတွေ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရပ်ကွက်တွေအတွင်းမှာ ရဲကင်း ၇၁ ခု ရှိပါတယ်။ ရိုးရိုးရှိတဲ့ ကျွန်တော်တို့ ရဲစခန်းတွေမှာ မြို့ပေါ်မှာ ၁၈ နေရာ၊ ရပ်ကွက်တွေမှာ ရဲကင်းငယ်လေးတွေ ထားပြီး အခြေပြုလှည့်ပါတယ်။ ရဲကင်းလုံခြုံရေးအတွက်ကို မော်တော်ယာဉ်မှာ ယာဉ်မောင်း တစ်ယောက်၊ အရာရှိ တစ်ယောက်၊ လက်နက်နဲ့ နှစ်ယောက်၊ ဒါတွေကိုလည်း လှည့်ပြီး စစ်ဆေးပါတယ်။ ဒါကြောင့် ဒီကာလထဲမှာ အမှုပေါင်း ၃၃၃၀ မှု ဖမ်းဆီးထားပါတယ်။ ယနေ့အထိ ကျားတရားခံ ၃၄၇၉ ဦး၊ မတရားခံ ၉၃ ဦး၊ ပေါင်း ၃၅၇၁ ဦး ဖမ်းဆီးရမိပါတယ်။

 ဗိုလ်မှူးကြီးကျော်ကျော်မင်း

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး

 ရပ်ကွက်တွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ဥပဒေနဲ့ ပတ်သက်တာတွေ ရှင်းလင်းပြပြီး ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေးမြို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ပူးပေါင်းပါဝင်ဖို့ သတင်းပေးဖို့၊ ဒါမျိုးတွေ မြေပြင်ဆင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ၇ မြို့နယ်အတွင်း အားလုံး ရပ်ကွက်တွေဆင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်အချို့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီး မြေပြင်ကွင်းဆင်းပြီး လုပ်တဲ့အနေအထားမှာ ပြည်သူလူထုက တက်တက်ကြွကြွနဲ့ ပါပါတယ်။တစ်ချို့က ကိုယ်တိုင်ဝင်ရောက်စစ်ဆေးချင်တယ်။ လုပ်ချင်တယ် ဆိုပြီး မေးလာတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ တရားဥပဒေနဲ့ ပတ်သက်တဲ့ စစ်ဆေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ အခြေအနေမှာ ဝင်ရောက်စစ်ဆေးခွင့်မရှိပါဘူး။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ ကနေပဲ စစ်ဆေးခွင့်ရှိတယ်။ ဒါကြောင့် လုပ်လို့မရဘူး။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထု ပေါင်းစပ်ပြီးတော့မှ စစ်ဆင်ရေးအဖွဲ့တွေမှာ ပါလို့ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ၇ မြို့နယ်မှာ ဒီအတိုင်း ပြောပြီးသွားတာမဟုတ်ဘူး။ စီမံချက်လုပ်ခဲ့ပါတယ်။ မြို့နယ် တစ်မြို့နယ်မှာ အုပ်ချုပ်ရေးရှိတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရှိတယ်၊ အရန်မီးသတ်ရှိတယ်၊ ရဲတပ်ဖွဲ့ ရှိတယ်၊ ဒါတွေကို အချိုးညီထည့်ထားတယ်။ အဖွဲ့တစ်ဖွဲ့မှာ ၇ ယောက်ကနေ ၈ ယောက်အထိ ရှိပါတယ်။ သိန်းငှက်စစ်ဆင်ရေးကို အရှိန်ထပ်မြှင့်ပြီး ဆောင်ရွက်ခဲ့တဲ့နေရာမှာ လူတွေရှိနေသ၍ မှုခင်းတွေက ပျောက် သွားဖို့ မလွယ်ပါဘူး။ မှုခင်းတွေနဲ့ ယနေ့ဆက်သွယ်ရေးကွန်ယက်မှာ ချက်ချင်းသိနေရလို့ များတယ်လို့ ထင်ရပေမယ့် တွက်ချက်ကြည့်ရင် တစ်နိုင်ငံလုံးနဲ့ဖြစ်ဖြစ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ဖြစ်ဖြစ်၊ အချိုးကျ တွက်ကြည့်ရင် များတယ်လို့တော့ ပြောလို့မရပါဘူး။ မန္တလေးမြို့ကြီး ဆိုးဝါးနေပြီး လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်နေတာ ဖြစ်တယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်လိုသူတွေလည်း လာပြီးပူးပေါင်းဆောင်ရွက်လို့ရပါတယ်။