၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်

 စက်ဘီးစီးပြိုင်ပွဲသည် မိမိတို့နိုင်ငံတွင် ခေတ်သိပ်မစားသော်လည်း အနောက်နိုင်ငံများတွင် အလွန်စိတ်ဝင်စားသောပြိုင်ပွဲဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ပန်းတိုင်မဟုတ်ဘဲ၊ နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများဖြစ်စေရန် ကြိုးပမ်းကြဖို့လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလာသီရိအားကစားကွင်းတွင် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားသည်။

 အဆိုပါ စက်ဘီးစီးပြိုင်ပွဲသည်(၄၈)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်ဘီးစီးပြိုင်ပွဲအသင်း (၁၂)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား (၁၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 “စက်ဘီးစီးပြိုင်ပွဲဟာ နိုင်ငံမှာ သိပ်ခေတ်မစားပေမယ့် အနောက်နိုင်ငံများတွင် အလွန်စိတ်ဝင်စားသောပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ အိုလံပစ်အားကစားနည်း တစ်ခုလည်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးစီးပြိုင်ပွဲကျင်းပခွင့်ရတာကိုလည်း အစိုးရအနေနဲ့ ဂုဏ်ယူပါတယ်။ ဒီတိုင်းနဲ့ ပြည်နယ် စက်ဘီးစီးပြိုင်ပွဲလေးဟာ နောက်ဆုံးပန်းတိုင်မဟုတ်ဘူးဆိုတာ မှတ်ထားဖို့လိုပါလိမ့်မယ်။ ကိုယ်ဟာစက်ဘီးနဲ့ပတ်သက်ပြီးဝါသနာပါလို့ အားကစားသမားကောင်း ဖြစ်ဖို့ရည်ရွယ်ပြီး ပြိုင်ပွဲဝင်ခဲ့တယ်ဆိုရင် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ အရှေ့တောင်အာရှ အာရှပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရအောင် လေ့ကျင့်မယ်ဆိုတဲ့ စိတ်ဓာတ် အပြည့်အဝထားပြီး ကြိုးစားပမ်းစား၊ စည်းကမ်းနဲ့ ပြိုင်ပွဲဝင်ရင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ အားကစားသမားတွေ ဖြစ်မြောက်အောင် ကြိုးပမ်းကြဖို့လိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

 တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိမ်မြုပ်နေသည့် စက်ဘီးစီးသမားကောင်းများ ပေါ်ထွက်လာစေရန် ပြည်သူလူထုအနေဖြင့် စက်ဘီးစီးပြိုင်ပွဲ များကို သတိပြုမိစေရန်၊ ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွက်လာရေးးသည် နိုင်ငံ အတွက် အလွန်အရေးကြီးကြောင်းကိုလည်း ဝန်ကြီးချုပ်က ဆိုသည်။

 “စက်ဘီးစီးပြိုင်ပွဲဆိုတာ တစ်ဦးချင်း စွမ်းဆောင်ရည်ပြိုင်ပွဲဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝနေတဲ့ စက်ဘီးသမားတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ထားတဲ့ ဇွဲ၊ သတ္တိ၊ ခွန်အား၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တွေနဲ့ စက်ဘီးကိရိယာပေါင်းပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီနေ့ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ စက်ဘီးအားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်ဆိုတာ ယုံကြည်ပါတယ်” ဟုလည်း ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

 အခမ်းအနားတွင် အားကစားသမားများက ဝန်ကြီးချုပ်အား အလေးပြုကြပြီး အားကစားသန္နိဌာန်ကို ရွတ်ဆိုကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စက်ဘီးစီးအသင်းများမှ အားကစားသမားများ၊ နည်းပြနှင့် အသင်းအုပ်ချုပ်သူများ၊ မန္တလေးမြို့ခံ စက်ဘီးစီးကလပ်အသင်းမှ ဝါသနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

 ယင်းနောက် စက်ဘီးစီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က ပြိုင်ပွဲပြုလုပ်မည့်နေရာရှိ စင်မြင့်တွင် အချက်ပေးသေနတ်ပစ်ဖောက်၍ တာလွှတ် လိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်များက ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ထားသော အပတ်ရေအတိုင်း မန္တလာသီရိအားကစားကွင်းကိုပတ်၍ စက်ဘီးစီးနင်းယှဉ်ပြိုင်ကြသည်။

 ယနေ့စတင်ကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသား ၉၁ ကီလိုမီတာ တာဝေးပြိုင်ပွဲ၊ အမျိုးသမီး ၅၀ ကီလိုမီတာ တာဝေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀၀ တစ်ဦးချင်း စံချိန်ပြု ဗိုလ်လုပွဲ၊ အမျိုးသမီး မီတာ ၅၀၀ တစ်ဦးချင်း စံချိန်ပြု ဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၃၀၀၀ တစ်ဦးချင်း စံချိန်ပြု ဗိုလ်လုပွဲ၊ အမျိုးသမီး ၉ ကီလိုမီတာ အသင်းလိုက် စံချိန်ပြုပြိုင်ပွဲ၊ အမျိုးသား ၁၅ ကီလိုမီတာ အသင်းလိုက် စံချိန်ပြုပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများနှင့် အားကစားဝါသနာရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။