၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်

 သဘာဝအရင်းအမြစ်များတွင် တန်ဖိုးအရှိဆုံးသည်လူသားအရင်းအမြစ်ပင်ဖြစ်ပြီး တန်ဖိုးဖြတ်လို့မရပါကြောင်း၊ ယခုဆိုလျှင် ကျောင်းသားများကို အခြေပြုသည့် သင်ရိုးညွှန်းတမ်းတွေကအစ ကလေးဘ၀ KG တန်း ကစနေပြီဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တီထွင်ဖန်တီးမှုကိုလုပ်နိုင်သည့် ခေါင်းဆောင်များပေါ်ထွက်လာရန်အတွက် ယခုလို ပညာရေးစုံညီပွဲတော်ကို ကျင်းပခြင်းလည်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နံနက် ၇ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင်ကျင်းပသည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ပညာရေး စုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 ပညာရေးစုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များဖြစ်သည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူစွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာရန်၊ ပြည်ထောင်စုစိတ်ဓါတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘ၀စံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင် မည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များပေါ်ထွန်းလာရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖေါ်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေး လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန် စသည့် အချက်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

 “တိုင်းပြည်ရဲ့အနာဂါတ်မှာဖြစ်ပေါ်လာမယ့် ခေါင်းဆောင်ကျောင်းသားလေးတွေကို ဒီလိုပွဲမျိုးမှာ တစ်စုတည်းတွေ့ရတာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ရတာ၊ ပညာရေးကဏ္ဍက တာဝန်ရှိသူတွေအားလုံး အပင်ပန်းခံ ကျင်းပဆောင်ရွက်ခဲ့လို့လည်း တျွန်တော်တို့အစိုးရအနေနဲ့ကျေးဇူတင်မိပါတယ်၊ စုံညီပွဲတော် ကျင်းပနေတဲ့အကြောင်းရင်းတွေရှိပါတယ်၊ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အနာဂါတ်နိုင်ငံကို တည်ထောင်မဲ့ ကျောင်းသား/ကျောင်းသူလေး တွေဟာ အနာဂါတ်ခေါင်းဆောင်လေးတွေဘဲဖြစ်ကြမှာပါ၊ ဒီလိုခေါင်းဆောင်တွေကို နိုင်ငံတော်က အပင်ပန်းခံပြုစုပျိုးထောင်နေတာပါ၊ နိုင်ငံတော်အတွက်ပါ၊ ပညာသင်ကြားပေးရုံမက ဗလငါးတန်ဖြစ်ဖို့ ကျောင်းတွေကသင်ကြားပေးနေပါတယ်၊ ဒါဟာတိုင်းပြည်ကို ရင်းနှီးမြှုပ်နှံမှု တစ်ခုဘဲ ဖြစ်ပါတယ်၊ ပညာရေးမှာရင်းနှီးမြှုပ်နှံမှုရှိတာအကောင်းဆုံးပါ။ နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ဘတ်ဂျက်ကနေ ၂၀%ထိ ပညာရေးမှာရင်းနှီးမြှုပ်နှံကြပါတယ်၊ အဲ့ဒီလိုရင်းနှီးမြှုပ်နှံနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်၊ ဒီနည်းအားဖြင့်သာလျှင် ကျွန်တော်တို့နိုင်ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်လာနိုင်မှာပါ၊ အမျိုးသားပညာရေးမြင့်မားချင်ပါတယ်၊ ကျွန်တော်တို့ ပညာရေးအဆင့်အတန်းဟာလည်း သုံးတဲ့ဘတ်ဂျက်နည်းပေမယ့် နိုင်ငံတကာမှာမနိမ့်ကျပါဘူး၊ အလယ်အလတ်မှာရှိနေပါတယ်လို့လည်းသိရတယ်၊ ဆရာ/ဆရာမများရဲ့သင်ကြားမှု အရည်အသွေးမြင့်မားတိုးတက်ရေး၊ ကျောင်းပြင်ပပညာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ သင်ရိုးညွှန်တမ်းများကို ခေတ်စနှစ်နှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ ပညာရေးသုတေသန ဖွံ့ဖြိုးမှုလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး စတဲ့လုပ်ငန်းစဉ်(၁၀)ရပ်ကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

 ၂၀၁၈-၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော်ကို ထူးချွန်ကျောင်းသား/ကျောင်းသူ (၃)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နောက်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ မန္တလာသီရိ ဘောလုံးကွင်းအတွင်း ချမ်းအေးသာစံမြို့နယ်မှ ကျောင်းသူ(၄၀၀)ဦးက “ကြိုဆိုပါသည်စုံညီပွဲတော်”ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်မှ ကျောင်းသား(၄၀၀)ဦးတို့က အေရိုးဗစ်သရုပ်ပြဖျော်ဖြေမှုဖြင့်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ကျောင်းသူ(၂၀၀)ဦးတို့က “ပြည်ထောင်စုအင်အား”သီချင်းသီဆို၍ တိုင်းရင်သားအကဖြင့်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်မှ ကျောင်းသူ(၄၀၀)ဦး တို့က“ပန်းပွားအက”ဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ စုံညီပွဲတော်သို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက တစ်ခဲနက်ကြည့်ရှုအားပေးကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့် တက်ရောက်လာကြသူများက ၂၀၁၇ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် တိုင်းဒေသကြီးအဆင့် ပထမရရှိသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး အစိုးရကျောင်းနှင့်မြို့နယ်များ၊ Students of year ဆု၊ Student of Honour ဆု၊ U-14 ဘောလုံးပြိုင်ပွဲတွင် ဆုရအသင်း၊ U-12 ဆုရ ဘောလုံးအသင်းတို့မှ ထူးချွန်အားကစားဆုများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြန်မာနိုင်ငံအတွက် Mobile Science and Technology Museum ဆုရရှိအောင်ဆောင်ရွက်ပေးခဲ့သော ကျောင်းအုပ်ကြီးအားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် တိုင်းဒေသကြီးအတွင်းရှိ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ရိုးရာသီးချင်းများနှင့်အကများဖြင့် ပြန်လည်ကပြဖျော်ဖြေခဲ့ကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာ ကျောင်းတို့မှ ကျောင်းအုပ်ကြီးများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ပြခန်းများ၊ ပညာရေးမြှင့်တင်မှုပြခန်း၊ အိမ်တွင်းမှုပြခန်း၊ စိုက်ပျိုးရေးပြခန်း၊ ကွန်ပျုတာပြခန်း၊ သိပ္ပံပြခန်း၊ သင်ထောက်ကူပြခန်း၊ စွမ်းရည်ပြခန်းများစသည့် ပညာရေးဆိုင်ရာပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်တွင် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများကိုလည်း အပြေးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ မြန်မာ့ရိုးရာအားကစားနည်းများကို မန္တလာသီရိအားကစားကွင်း ဧရိယာအတွင်းရှိ လေ့ကျင့်ရေး အားကစားကွင်း(၃)ကွင်းတို့၌ ကျင်းပပေးခဲ့ကြပြီး ဆုရရှိကြသူများကိုလည်း ဆုများအသီးသီး ချီးမြင့်ခဲ့သည်။

 မန္တလေးတိုင်းဒေသကြီးအနေဖြင့် အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ(၂၀၁၆-၂၀၁၇)ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ (၆)ဘာသာဂုဏ်ထူးရှင် (၂၃၈)ဦးအပါအဝင် ဂုဏ်ထူးရှင်ပေါင်း(၈၇၄၄)ဦး အထိရရှိခဲ့သည့်အပြင် အခြေခံကျောင်းများတွင် ဘက်စုံပညာထူးချွန် ကျောင်းသားများရွေးချယ်ခြင်း၊ ကင်းထောက်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များဖွဲ့စည်းခြင်း စသည့်လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ကျောင်းအုပ်ကြီး များ၊ ဆရာ/ဆရာမများကဆောင်ရွက်ခဲ့ကြကာ နိုင်ငံတော်အနေဖြင့်လည်း အရည်အသွေးရှိသော အမျိုးသားပညာရေးစနစ်ဖြစ်ပေါ်စေရန်အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP)(၂၀၁၆-၂၀၂၁)ကိုလည်း အပြောင်းအလဲ(၉)ရပ်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။