၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်

 (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၂ နှစ်အောက် (၇)ခရိုင်ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဇန်န၀ါရီ ၄ ရက် ညနေပိုင်းက အောင်မြေသာစံမြို့နယ် ရွှေမန်းတောင်အားကစားကွင်း၌ကျင်းပရာ ပြင်ဦးလွင် ခရိုင်အသင်းက မိထ္ထီလာခရိုင်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 ဗိုလ်လုပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဝေဇင်၊ အား/ကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူးများမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲပံ့ပိုးအလှူရှင် YDPP ကော်မတီဥက္ကဌ ဒေါ်မေမြတ်နွယ်နှင့် တိုင်းဒေသကြီး ဘောလုံး ဆပ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှတာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဘောလုံးအားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးကြသည်။

 ပြိုင်ပွဲပြီး ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျောက် နေရာအလိုက်ဆုရရှိကြသော ဂိုးဆုရမိတ္ထီလာခရိုင်မှ စိုင်းစိုင်းl နောက်တန်းဆုရ ကျောက်ဆည်ခရိုင်မှ ချမ်းသူ၊ အလယ်တန်းဆုရ ပြင်ဦးလွင်ခရိုင်မှ ဖုန်းမြတ်သျှန်၊ ရှေ့တန်းဆုရ မြင်းခြံခရိုင်မှ ရဲနောင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရ ပြင်ဦးလွင်ခရိုင်မှ အောင်အောင်တို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် KT ဆောက်လုပ်ရေးမှတာဝန်ရှိသူတို့က တစ်ဦးချင်းဆုများနှင့် ငွေသားဆုများကို အသီးသီးချီးမြင့်ကြသည်။

 ထို့နောက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရ မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင်အသင်းတို့အား တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးက ဆုငွေတစ်သိန်းငါးသောင်းကျပ်စီကိုလည်းကောင်း၊ ဒုတိယဆုရ မိတ္ထီလာခရိုင်အသင်းမှ အားကစားသမားများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက တစ်ဦးချင်းဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဆုရအသင်းအား ဆုငွေကျပ် ငါးသိန်းကျပ်ကိုလည်းကောင်း အသီးသီးချီးမြင့်ကြသည်။

 ဆက်လက်၍ ပြိုင်ဘက်အသင်းများအပေါ် အားကစားစိတ်ဓါတ်အပြည့်ဖြင့် နွေးထွေးစွာ အတက်ကြွဆုံး ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော မန္တလေးခရိုင်အသင်းအား YDPP ကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ပထမဆုရ ပြင်ဦးလွင်ခရိုင်အသင်းမှ အားကစားသမားများကို လွှတ်တော်ဒုတိယဥက္ကဌက တစ်ဦးချင်းဆုတံဆိပ်များ ချီးမြင့်ခဲ့သည်။

 ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပထမဗိုလ်စွဲခဲ့သည့် ပြင်ဦးလွင်ခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလား နှင့် ဆုငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြင့်သည်။