၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်

 မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းရွာဦးဘုန်းတော်ကြီးကျောင်းအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဗဒ္ဓသိမ်မြေဂရန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက် နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းတိုက် သိဒ္ဓိအောင်မေတ္တာဗဒ္ဓသိမ်ကျောင်း၌ ကျင်းပသည်။

 အခမ်းအနားသို့ ညောင်းကုန်းကျောင်းတိုက် ပဓာနနာကဆရာတော် ဘဒ္ဒန္တပညာသိဒ္ဓိ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

 အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ညောင်ကုန်းရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 ယင်းနောက် ဆရာတော်ကြီးထံသို့ ဗဒ္ဓသိမ်မြေဂရန်နှင့် လှူဖွယ်ပစ္စည်းများကို ဝန်ကြီးချုပ် ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကချီးမြှင့်တော်မူသော အနုမောဒနာတရားတော်များကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။