၂၀၁၉ ခုနှစ် ဧပြီလ ၁ဝ ရက်

 မန္တလေး၊ အောင်မြေသာစံမြို့နယ် ၁၇ လမ်း၊ ၈၆ လမ်းနှင့် လမ်း ၉ဝကြားရှိ ရွှေဒါးပရိယတ္တိစာသင်တိုက်တွင် ပညာရံသီပိဋကတ်တိုက်တော်ဖွင့်ပွဲကို ဧပြီ ၉ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်အတွင်း၌ ကျင်းပသည်။

 ရှေးဦးစွာ ရွှေဒါးပရိယတ္တိစာသင်တိုက်၌ နာယကချုပ်ဆရာတော် ဘန္ဒန္တပညာသာမိ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်ရေး ကော်မတီ(အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့်တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပညာရံသီပိဋကတ်တိုက်တော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

 ဆက်လက်၍ ဆရာတော်ကြီးနှင့်တကွ တာဝန်ရှိသူများက ပညာသီပိဋကတ်တိုက်တော်တည်ဆောက်လှူဒါန်းမှု မော်ကွန်းကျောက်စာကို အမွှေးနံ့သာ ရည်များ ပက်ဖြန်းကြပြီး တိုက်တော်အတွင်း လှည့်လည်ကြည့်ရှုကြသည်။“ ပညာရံသီပိဋကတ်တိုက်တော် မှာ ပေ ၃ဝ၊ ၂ဝ အကျယ်အဝန်းရှိပြီး ငွေကျပ် ၆၅ သိန်းဝန်းကျင် ကုန်ကျခဲ့ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးယာဉ် လုပ်ငန်းများကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

 အဆိုပါ တိုက်တော်ကို မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(အဝေးပြေး)နှင့် ကြီးကြပ်မှုအောက်ရှိ ယာဉ်လုပ်ငန်းက ဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။ အခမ်းအနားတွင် ဆရာတော်ကြီးနှင့်သံဃာတော်များအား နေ့ဆွမ်းနှင့်သင်္ကန်းအစရှိသည့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးကြသည်။