၂၀၁၉ ခုနှစ်  မေလ ၁၃ ရက်

 ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူချိန်မြင့်မားမှုများ ရှိလာသည့်အတွက် ပြည်သူလူထုများ အပူချိန်သက်သာစေရန်ရည်ရွယ်၍ မန္တလေးခရိုင်အတွင်းတွင် အပူရှောင်စခန်းများဖွင့်လှစ်ထားရှိရာ မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များသည် အဆိုပါစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

 ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ်၊ ၇၅ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ စိတ္တရမဟီရပ်ကွက် ဆုတောင်းရဘုရားဓမ္မာရုံ၊ မဟာအောင်မြေမြို့နယ်၊ ၈၁ လမ်းနှင့် ၄၁ လမ်းထောင့်ရှိ ဉာတိသင်္ဂဟဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသော အပူရှောင်စခန်းသို့ သွားရောက်ပြီး အပူချိန် သက်သာစေရန် ခေတ္တလာရောက်နားခိုကြသော ရဟန်းသံဃာများ၊ ရပ်ကွက်ပြည်သူများ၊ သက်ကြီးရွယ်အိုများအား နှုတ်ဆက်အားပေးစကား ပြောကြားပြီး ဓာတ်ဆားဖျော်ရည်များကို ဝေငှခဲ့ကြသည်။

 မန္တလေးခရိုင်အနေဖြင့် အများပြည်သူများ အပူချိန်သက်သာစေရန် ယာယီအပူရှောင်စခန်းအဖြစ် အောင်မြေသာစံမြို့နယ်တွင် သုံးနေရာ၊ ချမ်းအေးသာစံမြို့နယ်တွင် လေးနေရာ၊ မဟာအောင်မြေမြို့နယ်တွင် သုံးနေရာ၊ ချမ်းမြသာစည်မြို့နယ်တွင် သုံးနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လေးနေရာ၊ အမရပူရမြို့နယ်တွင် လေးနေရာ၊ ပုသိမ်ကြီးမြို့နယ်တွင် နှစ်နေရာစသည်ဖြင့် စုစုပေါင်း ၂၃ နေရာတွင် ဖွင့်လှစ်ထားရှိပြီး လာရောက်နားခို အပူရှောင်ကြသူများအား ဓာတ်ဆားရည်များဝေငှခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးအထောက်အပံ့များထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။