၂၀၁၉ခုနှစ်၊ ဇွန်လ ၁၈ ရက်

 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၂၀)မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+Age Group Chess Championship 2019)ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက် ည ၇ နာရီက မန္တလာသီရိအားကစားကွင်းရှိ (Multipurpose Stadium)၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အားပေးချီးမြှင့်ပြီး ဆုတံဆိပ်အများဆုံး ရရှိသည့် ဗီယက်နမ်စစ်တုရင်အားကစားအသင်းအား တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်သည်။

အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိုင်းနိုင်ငံစစ်တုရင်အဖွဲ့ချုပ်သို့ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကက ပြိုင်ပွဲအလံအား လွှဲပြောင်းပေးအပ်သည်။

 ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲတွင် သက်တမ်းအလိုက် ဆုရရှိကြသော နိုင်ငံကိုယ်စားပြု စစ်တုရင်အားကစားသမားများ၊ လျှပ်တစ်ပြက် စစ်တုရင်တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များ၊ အမြန်ရွှေ့စစ်တုရင် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ကြသည်။

 ထို့နောက် အကြိမ် (၂၀)မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသည့် ဗီယက်နမ်စစ်တုရင်အားကစားအသင်းအား ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး ညစာသုံးဆောင်ကြစဉ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံကိုယ်စားပြု စစ်တုရင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ စစ်တုရင်အားကစားသမား (၁၉၃)ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်တုရင်အားကစားသမား (၂၃၇)ဦးတို့အပါအဝင် နိုင်ငံပေါင်း (၉)နိုင်ငံမှ ပြိုင်ပွဲအမျိုးအစား သက်တမ်းအလိုက် အားကစားသမား စုစုပေါင်း (၄၃၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။