၂၀၁၉ခုနှစ်၊ ဇွန်လ ၁၉ ရက်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၉ ရက် နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာရှိ မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး စိန်ပန်းပင်အား စိုက်ပျိုးပေးသည်။

 ယင်း အခမ်းအနားသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ စိန်ပန်း၊ ငုရွှေဝါ၊ ငုစပ်၊ ပနားမားငု၊ ကံ့ကော်၊ ခရေ၊ ယင်းမာပင်၊ တမာပင်၊ ခရေပင်၊ မယ်ဇယ်ပင်၊ မယ်ဇလီပင် စသည့် အရိပ်ရပင် ၁၁၀၀ ပင် စိုက်ပျိုးခဲ့သည်။

 အစီအစဉ်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိုက်ပျိုးမည့် သစ်ပင်များကို ပေးအပ်ကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးနည်းပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သစ်ပင်စိုက်ပျိုးမည့် သတ်မှတ်နေရာအသီးသီးတို့တွင် နေရာယူကြပြီး ဝန်ကြီးချုပ်က စိန်ပန်းပင် စိုက်ပျိုးပေးသည်နှင့် တစ်ပြိုင်တည်း တက်ရောက်လာကြသူများက အရိပ်ရပင်များကို တပျော်တပါး စိုက်ပျိုးပေးကြသည်။

 ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးနည်းပညာတက္ကသိုလ်ရှိ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြပြီးနောက် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကာ ဝန်ကြီးချုပ်က စိုက်ပျိုးပြီး အရိပ်ရပင်များအား ရှင်သန်ကြီးထွားရေးအတွက် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။