၂၀၁၉ခုနှစ်၊ ဇွန်လ ၁၉ ရက်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဓာတ်ပုံဘိုဘို၏ Our Leader 74 ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးရှိ အနုပညာလမ်းတွင်ကျင်းပသည်။

 ဓာတ်ပုံပြပွဲဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ မိဘပြည်သူများ တက်ရောက်ကြသည်။

 အစီအစဉ်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေ၊ တာဝန်ရှိသူတို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံဘိုဘို၏ Our Leader ဓာတ်ပုံပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသူများသည် ပြခန်းတွင် ဖွင့်လှစ်ထားရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုကြရာ ဓာတ်ပုံပညာရှင် ဘိုဘိုက လိုက်ပါရှင်းလင်းပြသခဲ့ကာ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။