၂၀၁၉ခုနှစ်၊ ဇွန်လ ၁၉ ရက်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၄)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သော မဟာအောင်မြေမြို့နယ် ၃၈ လမ်း(၇၃လမ်းနှင့် ၇၈ လမ်းကြား) နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် ၇ နာရီက အဆိုပါလမ်းမကြီး ၇၈ လမ်းထိပ် မုခ်ဦးရှေ့တွင်ကျင်းပသည်။

 လမ်းသစ်ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဒေါက်တာရဲလွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးကြည်ခင်တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 ယင်းလမ်းကို တပ်ပိုင်မြေအတွင်း ၃၈ လမ်း ဖြတ်သန်းဖောက်လုပ်ခွင့်ပေးရန် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်က ညှိနှိုင်းခဲ့ကြောင်း၊ ယခင်အမှတ်(၇၆) ခြေလျင်တပ်မြေနေရာအတွင်း ၃၈ လမ်းအဖြစ် ဖြတ်သန်းဖောက်လုပ်မည့် တပ်ပိုင်မြေကို အသုံးပြုရန် ခွင့်ပြုကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြန်ကြားခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ၃၈ လမ်းကို တပ်ပိုင်မြေအတွင်းပေ ၈၀ အကျယ် ဖောက်လုပ်ခွင့်ပြုခဲ့ကြောင်း၊၂၀၁၈ ခုနှစ် မတ် ၁၁ ရက်က လမ်းဖောက်လုပ်မည့်နေရာကို ကွင်းဆင်းကြည့်ရှုပြီးနောက် ၂၀၁၈ ခုနှစ် မေလ ၈ ရက်တွင် ၃၈ လမ်းဖောက်လုပ်ရန် အထွေထွေလုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

 ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ဖွင့်လှစ်သည့် ၃၈ လမ်းကို Granular sub-base အခြေခံလွှာပြုပြင်ခြင်း၊ Grade-30 ကွန်ကရစ်လောင်းခြင်း၊ Geogrid ကြားခံ၍ နိုင်လွန်ကတ္တရာခင်းခြင်း၊ Precast တံတား ၄ စင်း တည်ဆောက်ခြင်း၊ Precast ရေမြောင်းနှင့် Collection Pits များတည်ဆောက်ခြင်း၊ Garder Stone Design ဖြင့် Stamped Concrete ပလက်ဖောင်းခင်းခြင်း၊ Claytiles များဖြင့် Flower Box ပြုလုပ်ခြင်း၊ Thermoplastic ဖြင့် ယာဉ်ကြောပြမျဉ်းများ ရေးဆွဲခြင်း၊ ၇၈ လမ်းဆုံနှင့် ၇၃ လမ်းဆုံတို့တွင် SCATS မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်လွန်ကတ္တရာလမ်းအမျိုးအစား ဖြစ်ကာ လမ်းအရှည် ပေ ၂၉၀၀၊ အကျယ် ပေ ၆၀ ရှိပြီး Stamped Concrete၊ ပလက်ဖောင်းအမျိုးအစား၊ ပလက်ဖောင်း အကျယ်တစ်ဖက်လျှင် ခြောက်ပေစီ၊ လမ်းပုခုံးအကျယ် တစ်ဖက်လျှင် နှစ်ပေစီ၊ ရေမြောင်းအကျယ် တစ်ဖက်လျှင် နှစ်ပေစီဖြင့် ဆောင်ရွက်ထားကြောင်း၊ လမ်းမီးတိုင်များ စိုက်ထူခြင်း၊ လမ်းဘေး၊ ဝဲယာတွင် စိန်ပန်းနီပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ထားကာ လမ်းမီးတိုင် ၆၀ ကို Puma Bitumen က ပေးလှူထားပြီး သင်္ဂဟဖောင်ဒေးရှင်းက စိန်ပန်းနီပင် ၁၀၈ ပင်အား ပေးလှူထားကြောင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းအတွက် ကုန်ကျငွေကျပ် သန်းပေါင်း ၁၂၁၁ ဒသမ ၁၇၆ သန်းခန့်ရှိကြောင်း မြို့တော်စည်ပင်သာယာလမ်းတံတားဌာနမှ သိရသည်။

 မန္တလေးမြို့တွင် အရှေ့ဘက်နှင့် အနောက်ဘက် ကူးသန်းဆက်သွယ်နေသည့် လမ်းနည်းပါးသဖြင့် ၃၇ လမ်းနှင့် သိပံ္ပလမ်းကို အားပြုသွားလာနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုများဖြစ်ပေါ်နေရာ ၃၈ လမ်းမကြီး ဖွင့်ပြီးပါက ၃၈ လမ်းမှာ အဓိကလမ်းမဖြစ်လာကာ ယာဉ်ကြောကြပ်တည်းမှုလျော့ချနိုင်ခြင်း၊ မြို့တော်တွင်နေထိုင်သည့် ပြည်သူလူထုသွားလာရေးအတွက် အချိန်၊ စက်သုံးဆီကုန်ကျမှုသက်သာပြီး အဆင်ပြေလွယ်ကူခြင်း၊ ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားတစ်ဝိုက်ရှိ လူနေရပ်ကွက်များ ပိုမိုဖွံ့ဖြိုးတိုးတက်စည်ပင်လာခြင်း၊ ၃၈ လမ်း ဖောက်လုပ်ခြင်းကြောင့် ပြည်သူနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်များကို လက်တွေ့ တွေ့မြင်သိရှိခံစားရခြင်း အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။