၂၀၁၉ခုနှစ်၊ ဇွန်လ ၁၉ ရက်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးရှိ အနုပညာလမ်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့မှ တိုင်းရင်းသားလူမျိုးစုများအဖွဲ့မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ အလှူရှင်များနှင့် ရပ်မိရပ်ဖ မိဘပြည်သူများ တက်ရောက်ကြသည်။

 အစီစဉ်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မွေးနေ့ဆုတောင်းစကားပြောကြားရာတွင် မန္တလေးမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ဖွင့်ပွဲများကို ပြုလုပ်ပေးခဲ့ကြသည့် စီစဉ်သူများနှင့် မိဘပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း၊ လူတစ်ယောက်ကို ကြည်ညိုသည်ဆိုသည်မှာ အကြောင်းအရင်းများစွာရှိပါကြောင်း၊ ကြည်ညိုသည်၊ ယုံကြည်သည်ဆိုသည်မှာလည်း အရေးကြီးပါကြောင်း၊ ထိုပုဂ္ဂိုလ်၏ အရည်အသွေး၊ သီလ၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည်များအပေါ်တွင် မူတည်ပြီးမှသာ ထိုလူများနှင့် ပုဂ္ဂိုလ်များကို ကြည်ညိုကြသည်သာဖြစ်ကြောင်း၊ ယုံကြည်မှုရှိမှ ကြည်ညိုကြပြီး မယုံကြည်လျှင်ကြည်ညို၍မရပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒီမိုကရေစီခရီးတစ်လျှောက်လုံး၊ သူ့ဘဝခရီး တစ်လျှောက်လုံးကို ကျွန်တော်တို့နိုင်ငံအတွက် ပေးဆပ်ပြီးဖြစ်ကြောင်း၊ ပေးဆပ်ပြီးမို့လည်း ပိုင်းဖြတ်ပြီးတာဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံကြီး အေးချမ်းသာယာမှုများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မန္တလေးမြို့တော်သူ၊ မြို့တော်သားများနှင့်အတူ တစ်နိုင်ငံလုံးတွင် နေထိုင်ကြသော မိဘပြည်သူများ ကျန်းမာရွှင်လန်းပြီး အေးချမ်းသာယာမှုများ ပိုင်ဆိုင်နိုင်ကြရန် တောင်းဆုပြုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်တို့က မွေးနေ့အမှတ်တရစကားများ ပြောကြားကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က မွေးနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး ဂျိုးဖြူနှစ်ကောင်ကို လွှတ်ပေးကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ညီနောင်သားချင်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ကိတ်ကို စုပေါင်းလှီးကြပြီး တက်ရောက်လာကြသူများအား ကျွေးမွေးကြ၍ မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပြီး စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။