၂ဝ၁၉ ဇူလိုင်လ ၉ ရက်

 မန္တလာဒီဂရီကောလိပ်တွင်တည်ဆောက်ပြီးစီးခဲ့သော ဓမ္မာရုံသစ်အား ရေစက်ချလှူဒါန်းခြင်း၊ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် အလှူရှင်များအားဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မန္တလာဒီဂရီကောလိပ်ရှိ အဆိုပါဓမ္မာရုံတွင်ကျင်းပသည်။

အခမ်းအနားသို့ တံတားဦးမြို့နယ် စကားအင်းရွာ ကျောင်းသစ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ အလှူရှင်မိသားစုများ၊ မန္တလာဒီဂရီကောလိပ်ကျောင်း အုပ်ကြီး ဒေါက်တာ စိန်စိန်အောင်နှင့် တက္ကသိုလ် ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 အစီအစဉ်အရ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျောင်းသစ်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 ဆက်လက်၍ ဆရာတော်သံဃာတော်များ ဟောကြားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်ဆရာတော်ဟောကြားချီးမြင့်တော်မူသော အနုမောဒနာတရားတော်များကို ဧည့်ပရိတ်သတ် အပေါင်းတို့က နာယူကြည်ညိုခြင်း၊ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်း၊ အလှူဒါနပြုခဲ့ကြသော ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနာကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 ဇူလိုင်လ ၉ ရက်နေ့ ရေစက်သွန်းချလှူဒါန်းခဲ့သော ဓမ္မာရုံသစ်မှာ အလျား ၁၀၈ ပေx အနံ ၅၆ ပေရှိ Steel Structure တစ်ထပ်အမျိုးအစားဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကုသိုလ်ရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။