၂၀၁၇ ခုနှစ်၊ ဧပြီလ ၂ ရက်

 မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် မီးသတ်ဦးစီးဌာနသို့ ISUZU မီးသတ်စက်ယာဉ် နှစ်စီးပေးအပ်လှူဒါန်းပွဲကို "ဇင်ယော်"စားသောက်ဆိုင်တွင် ဧပြီ ၁ ရက် နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ် သည်။

 အခမ်းအနားတွင် မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး (ငြိမ်း)ဦးကျော်ခိုင်စိုးက မီးသတ် စက်ယာဉ် နှစ်စီး လှူဒါန်းနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလှူရှင် ဦးမောင်ဇော်+ဒေါ်နုနု(OK လုပ်ငန်းစု ကုမ္ပဏီလီမိတက်)က တစ်စီးလျှင် ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ မီးသတ်ယာဉ် နှစ်စီးနှင့် ပတ်သက် သော စာရွက်စာတမ်းများကိုပေးအပ်ရာ မြင်းခြံခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

 ယင်းနောက် စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း (မြင်းခြံ)မှ ခရိုင်မီးသတ်ဦးစီးဌာနသို့ ဒီဇယ်ဆီ ဂါလန် ၁၅၀ ကို ပေးအပ်လှူဒါန်းသည်။ ထို့ နောက် မြင်းခြံခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြောကြား သည်။ "OK Group"မှ လှူဒါန်းခဲ့သော မီးသတ်စက်ယာဉ်အမျိုးအစားမှာ ISUZU အမျိုးအစား 7/M 4192, 7/M 4129 ယာဉ်နှစ်စီးတို့ဖြစ်ပြီး ထိုမီးသတ်စက်ယာဉ်များ၏ မီးငြှိမ်းသတ်စွမ်းရည်ကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသခဲ့သည်။ အခမ်းအနားသို့ တက်ရောက်သူများကိုလည်း စက်သုံး ဆီဖြန့်ဖြူးရောင်းချသူများအသင်း (မြင်းခြံ)က နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ အခမ်းအနားသို့  မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး (ငြိမ်း)ဦးကျော်ခိုင်စိုး၊ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထူး၊ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အလှူရှင် မိသားစု၊ စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း(မြင်းခြံ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။