၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်

  မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာဦးစီးဌာနမှ ဦးစီးကျင်းပသော ၂၀၁၇ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ စဥ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ စဥ့်ကူးစာဖြေဌာန၌ ကျင်းပပြုလုပ်လျက်ရှိရာ ပထမကြီးတန်းတွင် (၁၆)ပါး၊ ပထမလတ်တန်း (၁၃)ပါးနှင့် ပထမငယ်တန်း (၂၂)ပါး၊ အခြေပြုမူလတန်း (၇)ပါး၊ စုစုပေါင်း (၅၈)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

 အဆိုပါ ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တလက္ခဏာစာရနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ မြို့နယ် ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ ဝိလာသနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက ကိုယ်တိုင်ကြွရောက်ကြီးကြပ်တော်မူကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သာသနာရေးမှူး၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်နှင့် အလှူရှင်မိသားစုတို့က ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား နေ့စဉ် အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်၊ ဖျော်ရည်များ ဆက်ကပ်လှူဒါန်းလျက်ရှိပြီး လိုအပ် သည့် ဝေယျာဝစ္စလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

 ၂၀၁၆ ခုနှစ် ပထမပြန် စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၂ ရက်၌ မြို့နယ် သာသနာ့ဗိမာန်တော်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စဥ့်ကူးစာဖြေဌာနမှ ပထမကြီးတန်း၊ ပထမလတ်တန်းနှင့် ပထမငယ်တန်းတို့တွင် အောင်မြင်တော်မူခဲ့ကြသော သံဃာတော်များအား အောင်လက်မှတ်များ ဆက်ကပ်သွားမည်ဖြစ်သည်။