၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

  (၉၇)နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ခြင်္သေ့ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်ပညာရေးမှူး ဦးဆန်းယုနှင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ အ.ထ.က(၁၄)ကျောင်းသားများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက နိုင်ငံတော်သမ္မတထံမှ (၉၇)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 ဆက်လက်၍ အ.ထ.က (၅) ကျောင်းသား၊ ကျောင်းသူလေးများကပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အမျိုးသားနေ့အထိမ်းအမှတ် ကဗျာ၊စာစီစာကုံးပြိုင်ပွဲတို့၌ ဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က ဆုများချီးမြှင့်ပေးအပ်သည်။

 ထို့နောက် အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပြီး တက်ရောက်လာကြ သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။