၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်

 ကျောက်ဆည်မြို့၊ ပြည်သူ့အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲ ဆုရရှိသူများအား ဆုများ ချီးမြှင့်သည်။

 ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ အား ဖတ်ကြားသည်။

 ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့သည်။