၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်

 ၂၀၀၀ပြည့်နှစ်၊ ဧပြီ ၉ ရက်တွင် ပရဟိတဆရာတော်ဘဒ္ဒန္တသုမင်္ဂလ(ဓမ္မာစရိယB.A) တည်ထောင်ခဲ့သည့် ပြည်လုံးချမ်းသာ မိဘမဲ့ကျောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁၈)နှစ် ပြည့်မြောက်ခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုခြင်းငါးနှစ်ပြည့် အထိမ်းအမှတ် မြတ်ဒါနအဖြစ် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဌ မစိုးရိမ်တိုက်သစ် နယူပဒေသကျောင်း အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသဆရာတော်ကြီး အမှူးပြုသော သံဃာတော် ၁၈ ပါးအား ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို မေ ၉ ရက် နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ရန်-မန်းလမ်းမကြီးအရှေ့ဘက်၊ ငွေတော်ကျီကုန်း၊ ရဲဘော်ကွက်သစ်ရပ်ရှိ အဆိုပါကျောင်း၌ ကျင်းပသည်။

 အခမ်းအနားတွင် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ကျောင်းကော်မတီဥက္ကဌ ဦးမြင့်အောင်( အောင်မြင့်မိုင်္ရ ဟိုတယ်)၊ အတွင်းရေးမှူး တိုင်းရင်းသားဆေးသမားတော်ကြီး ဦးအောင်ကျော်၊ ဂေဟာမှူး ဦးဝင်းထိန်နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများက တိုင်းသံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ကြီးထံမှ သြဝါဒကထာနှင့် ရေစက်ချတရား နာယူကြည်ညိုကြသည်။