၂၀၁၇ ခုနှစ်၊ မတ်လ ၂ ရက်

 ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဟော်နန်ဟောင်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ပုဂံ-ညောင်ဦးမြို့မှ တစ်ဆင့် မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းနှင့် တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြ သည်။

 ထို့နောက် ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

 ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်သည် မဟာမုနိရုပ်ရှင်တော်မြတ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး မဟာမုနိ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ဧည့်သည်တော်ဒုတိယဝန်ကြီးချုပ်အား ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

 ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းကြေးရုပ်ပြတိုက်ရှိ ပြခန်းအတွင်း ဆင်ရုပ်၊ ခြင်္သေ့ဦးခေါင်းနှင့် ကိုယ်ပိုင်းများ၊ လူပုံကြေးရုပ်တို့ကို ဝင်ရောက်လေ့လာကြပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ တပင်တိုင်ခေါင်းလောင်းတော် ကို တီးခတ်ကာ အမျှပေးဝေခဲ့သည်။

 ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မတ်လ ၂ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းနှင့် တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။