၂၀၁၈ ခုနှစ် မတ်လ ၁၁ ရက်

 ညောင်ဦးမြို့နယ်၊ သဲပြင်တောကျေးရွာတွင် Shwe Taung Group မှ အမှတ်စဉ်(၉၉)ခုမြောက် ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာအလယ်တန်း ကျောင်း Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်ထဲေ၇းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ ကျောင်းဆောင်သစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီ၊ Maenum Metal Supply ကုမ္ပဏီလီမိတက်မှ Mrs. Maneerat Neenchaisak ၊ Shwe Taung Group မှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Ms. Luan Thuy Duong တို့က ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးကြသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ Shwe Taung Group မှ ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီး Mr. Souza Silva Antonio Jose Maria De နှင့် ထိုင်းနိုင်ငံမှ ဒုတိယသံအမတ် Mr. Pramoch Chailaivanichkul တို့က ကျောင်းဆောင်သစ်၏ ကမ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Shwe Taung Group ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Shwe Taung Group နှင့် Maenum Metal Supply ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်း များကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ညောင်ဦးမြို့နယ်ပညာရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 ထို့နောက် အလှူရှင်များက ကျောင်းဆောင်သစ်တွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာများ၊ ရေသန့်စက်၊ အဲယားကွန်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံးများ၊ ကျောပိုးအိတ်များ၊ စတီးထမင်းချိုင့်များကို လှူဒါန်းရာ သဲပြင်တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးခိုင်က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာ ထွန်းခင်က ဝမ်းမြောက်စကား ပြောကြားပြီး သဲပြင်တောကျေးရွာ ရပ်မိရပ်ဖ ဦးအေးကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 အဆိုပါ သဲပြင်တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ပေ (၆၀×၃၀×၁၂)ရှိ သွပ်မိုး၊ Steel Structure ၊ အုတ်ညှပ်အမျိုးအစား တစ်ထပ် ကျောင်းဆောင်သစ် Shwe Taung Group နှင့် Maenum Metal Supply ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းဆောင်သစ်အပြင် ကျောင်းသုံး ပရိဘောဂများ၊ သန့်စင်ခန်းလေးခန်းတွဲ တစ်လုံး၊ ရေစင်အဆောက်အအုံနှင့် ဂါလန် ၆၀၀ ဆံ့ရေကန်၊ ဂါလန် ၁၈၀၀ ဆံ့ အုတ်ရေကန်၊ ကွန်ပျူတာနှင့် ပရင်တာတစ်စုံ ဖြစ်သည်။