၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်

 မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ သီရိရတနာခန်းမ ၌ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိမိကြီးနှင့် ဆရာ၊ ဆရာမများ၊ အမှတ်(၈၅)အောင်မြေသာစံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး  ဒုတိယရဲမှူး သိန်းသန်းစော၊ အမှတ်(၁၇)မူးယစ်ဆေးဝါးတားဆီးနှိပ်နင်းရေးတပ်ဖွဲ့စု မန္တလေးမြောက်ပိုင်းမှ ရဲအုပ် စိုင်းစံမြင့်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ ဒုတိယပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယရဲမှူးသိန်းသန်းစောက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လိုက်နာရ မည့် ယာဉ်စည်းကမ်း လမ်းညွှန်ချက်များကိုလည်းကောင်း၊ ရဲအုပ်စိုင်းစံမြင့်က မူးယစ်ဆေးဝါးများ၏ အန္တရာယ်ဆိုးကျိုးအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

 ဆက်လက်၍ တာဝန်ရှိသူများက ဒုတိယရဲမှူး သိန်းသန်းစောနှင့် ရဲအုပ်စိုင်းစံမြင့်တို့အား အမှတ်တရလက်ဆောင်များကိုလည်းကောင်း၊ တက္ကသိုလ် အဆင့် အကောင်းဆုံးသုတေသနစာတမ်း ဝိဇ္ဇာဘာသာရပ်အတွက် ရွေးချယ်ထားသော အင်္ဂလိပ်စာဌာနမှ နည်းပြဝေယံမင်းဦးအား ဂုဏ်ပြုဆုကို လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အဆင့်ဘောလုံးပြိုင်ပွဲ မန္တလေးတိုင်းဒေသကြီး(ပညာရေး)လက်ရွေးစင် ရွေးချယ်ခံ ကျောင်းသားနှစ်ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အထက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဇုန်အဆင့် ဘောလုံးပြိုင်ပွဲ၊ မန္တလေးဇုန် အမျိုးသမီးလက်ရွေးစင်ရွေးချယ်ခံရ ကျောင်းသူ တစ်ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ သုံးဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ကဗျာပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။