၂၀၁၉ခုနှစ်၊ ဇွန်လ ၁၁ ရက်

 (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုရကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

 အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်အမှာ စကားပြောကြားသည်။

 ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးအောင်၊ အမှတ်(၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးမျိုးအောင်၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့မှူးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အမှတ်(၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူးတို့က ဆွေးနွေးတင်ပြကြသည်။

 ထို့နောက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများအလိုက် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ပြခန်းဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ မှတ်တမ်းတင်ရိုက်ကူးရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ၊ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများလက်ခံ ထိန်းသိမ်းရေး ပြုစုရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ မီးရှို့ဖျက်ဆီးပြီး အမှိုက်များရှင်းလင်းရေး လုပ်ငန်းကော်မတီတို့က လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။