၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

 နယ်သာလန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Institute For Housing and Urban Development Studies(HIS) တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် Township Action Planning (TAP)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂) နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ခြောက်ထပ်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာရဲလွင် တက်ရောက်အမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်သည်။

 အခမ်းအနားသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ အဆောက်အအုံနှင့်ကုန်ရုံဌာန အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးတို့ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြို့တော်ဝန် ဒေါက်တာရဲလွင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ နယ်သာလန်နိုင်ငံ Institute For Housing and Urban Development Studies မှ Senior Housing and Social Develioment Expert Banashree Banerjee နှင့် Dr.Maartje Van Eerd တို့က သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက Township Action Plan အား အဖွဲ့လိုက် ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။

 ယင်းနောက် မြို့တော်ဝန်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများက၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

 အဆိုပါ သင်တန်းမှာ သုံးလတာကာလအတွင်း တစ်လလျှင် ၅ ရက်ဖြင့် ၁၅ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။