၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်

  မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက် ဖြူစင်သဒ္ဒါလှူဒါန်းရေးမိသားစုနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့ မတည်၍ အများကောင်းမှုဖြင့် စုပေါင်းလှူဒါန်းသော နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပသည်။

 ရှေးဦးစွာ မင်္ဂလာအချိန်တွင် ကြွရောက်လာသော နိုင်ငံတော်သြဝါဒါစရိယ မြတောင်တိုက် အဓိပတိ သက်တော်ရှည် သမ္မတကျောင်း မဟာနာယက ဆရာတော် ဘဒ္ဒန္တအင်္ကုရ အရှင်သူမြတ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်၊ အလှူရှင် ဖြူစင်သဒ္ဒါ လှူဒါန်းရေးအဖွဲ့ဝင်တို့က အများကောင်းမှု ဖြင့် စုပေါင်းလှူဒါန်းခဲ့သော နိုင်လွန်ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး နိုင်လွန်ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။

 ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နှင့် တာဝန်ရှိသူများ၊ ဖြူစင်သဒ္ဒါ လှူဒါန်းရေး မိသားစု အလှူရှင်များက ဆရာတော်၊ သဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်းများ၊ ခဲဖွယ်ချိုချဉ်ဝတ္ထုပစ္စည်းများ လောင်းလှူကုသိုလ်ပြုကြ သည်။

 ယင်းနောက် နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ သက်တော်ရှည် မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယက ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သော မေတ္တသုတ်၊ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

 ဆက်လက်၍ အလှူရှင်အား ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ကာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သ.စ.အ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ သာယာဝင်း ကျောင်း ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။